နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘုတ်ပြင်းမြိုနယ်ရှိ တောင်ဒဂုံ ဆီအုန်း စိုက်ပျိုးရေး စီမံကိန်း သို့ သွားရောက်ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘုတ်ပြင်းမြိုနယ်ရှိ တောင်ဒဂုံ ဆီအုန်း စိုက်ပျိုးရေး စီမံကိန်း သို့ သွားရောက်ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၁၄ရက်နေ့ညနေပိုင်းတွင် ဘုတ်ပြင်း မြို့ရှိ၊ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်းသို့ သွားရောက် ကြည်ရှုလေ့လာသည်။


တိုးချဲ့စိုက်ပျိုးနိုင်ရေး စိစစ်ဆောင်ရွက်


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုကတနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းများ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။


စားသုံးဆီများနှင့် ဆပ်ပြာများထုတ်လုပ်


ယင်းနောက် တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးခိုင်ထူး၊ ယုဇနဆီအုန်း စိုက်ပျိုးရေးကုမ္ပဏီမှ ဦးအန်းဘန်တို့က တောင်ဒဂုံဆီအုန်း စိုက်ပျိုးရေးစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းစတင်ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ စိုက်ပျိုးရန်ကျန် ရှိသည့်နေရာများတွင် ဆက်လက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေ အနေများ၊ နိုင်ငံတော်သို့ အခွန်ငွေများပေးသွင်းမှု အခြေအနေများ၊ ကုမ္ပဏီဖွဲ့စည်းမှုနှင့် ဝန်ထမ်းများ ခန့်အပ်ထားရှိမှုအခြေအနေများ၊ မျိုးများအား အဆင့်ဆင့် ပျိုးထောင် စိုက်ပျိုးမှုအခြေအနေများ၊ ဆီသီးများအား အရည်အသွေး စစ်ဆေးခြင်းနှင့် အရည်အသွေး ကိုက်ညီသည့် ဆီများထုတ်လုပ် နိုင်ရေး အဆင့်ဆင့်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများနှင့် ထုတ်လုပ်သည့်ဆီကြမ်းများအား ရန်ကုန်မြို့ရှိ ဆီချော ထုတ်လုပ်ရေး စက်ရုံ သို့ ပို့ဆောင်လျက်ရှိမှုအခြေအနေများ၊ ဆီအုန်းကိုအခြေခံ၍ စားသုံးဆီများနှင့်ဆပ်ပြာများ ထုတ်လုပ်နေမှုအခြေအနေများ၊ ဆီသီးခိုင်များ ထွက်ရှိမှုနှင့် ဆီကြမ်းနှင့် ဆီချော (စာအုန်းဆီ) များထုတ်လုပ်နိုင်မှု အခြေအနေများ၊ ဝန်ထမ်းများသက်သာ ချောင်ချိရေးနှင့် ကျန်းမာရေး၊ ပညာရေးအတွက်လည်း ဆောင်ရွက်ပေးနေမှုအခြေ အနေများ၊ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်မှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။




ထို့နောက် စိုက်ပျိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တနင်္သာရီတိုင်းဒေသကြီး အတွင်း ဆီအုန်းများ စိုက်ပျိုး ဆောင်ရွက်လျက် ရှိမှုနှင့် ယခုထက်ပိုမို စိုက်ပျိုးနိုင်ရေး ဆောင်ရွက် သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်း ဆွေးနွေးပြီး စိုက်ပျိုးမြေများတွင် အမှန်တကယ်စိုက်ပျိုးခြင်း မရှိခြင်းကြောင့် အမှန်တကယ်စိုက်ပျိုးဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များ နှင့် နိုင်ငံတော်အတွက် များစွာနစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေများကို အမှန်တကယ် အသုံးချခြင်း ရှိ/မရှိကို မြေယာမူဝါဒ၊ မြေယာဥပဒေများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက အမြန်ဆုံးစိစစ်တင်ပြ ဆောင် ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဆီအုန်းစိုက်ပျိုးရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတာဝန်ယူဆောင်ရွက်ခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီးအား နိုင်ငံတော်၏ဆန်အိုးကြီးအဖြစ် အကောင် အထည် ဖော်ဆောင်ရွက်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အလားတူ ဆီအုန်းစိုက်ပျိုး ဖြစ်ထွန်းသည့် တနင်္သာရီတိုင်းဒေသကြီးကိုလည်း ဆီအိုးကြီး အဖြစ် သတ်မှတ် ဆောင်ရွက် ခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင်လည်း ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်း လျက်ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုမှ စားသုံးဆီများ ရရှိသကဲ့သို့ အခြားထုတ်ကုန်များ ကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိစိုက်ပျိုးနေသည့် ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်းရှင်များအနေဖြင့် လည်း စိုက်ပျိုးမြေများတွင် အမှန်တကယ်စိုက်ပျိုးရန်နှင့် ဆီအုန်းများအား စားသုံးဆီ ထုတ်လုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ် ဆောင်ရွက်ရန်လိုကြောင်း။


ဆီအုန်းများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်၊ မြေကောင်းမွန် ရန်နှင့် ရေလုံလောက်စွာရရှိရန်ဆောင်ရွက်ပြီး စိုက်နည်း စနစ် မှန်ကန်စွာဖြင့် စိုက်ပျိုး နိုင်မည်ဆိုပါက အထွက်နှုန်းများပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများအား အခြားနည်းများဖြင့် အသုံးမပြုစေရေး တာဝန်ရှိသူများက ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ သက်တမ်း ကုန်ဆုံးတော့မည့် အပင်များ ပြန်လည် ဖြည့်စွက် စိုက်ပျိုးရာတွင် လစ်ဟာမှုမရှိစေရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ပြီး အပိုင်းလိုက်ခွဲ၍ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးပင်များ ကုန်ကြမ်းများ ထုတ်လုပ်နိုင်မှုကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုမှာ တစ်ဦးချင်းအနေဖြင့် မြင့်မားပြီး စားအုန်းဆီများအား ပြည်ပမှနှစ်စဉ် ဆီတန်ချိန်များစွာတင်သွင်း ခဲ့ရကာ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုးခန့်တင်သွင်း ခဲ့ရသဖြင့် နိုင်ငံတော်မှ ငွေကြေးများစွာသုံးစွဲခဲ့ရကြောင်း။


ပညာရှင်များ၏ တွက်ချက်မှုအရ ကျန်းမာရေး အတွက် လူတစ်ဦး၏ တစ်ရက်ဆီလိုအပ်ချက်သည် ၁ ဒသမ ၅၈ ကျပ် သားဖြစ်၍ ၁ နှစ် လျှင် ၆ ပိဿာခန့်သာ စားသုံးသင့်ပြီး တစ်ဖက်မှ ဆီစားသုံးမှုလျှော့ချ သကဲ့သို့ တစ်ဖက်တွင် ဆီအထွက်နှုန်းတိုးစေရန်အတွက် စိုက်ပျိုး ထုတ်လုပ် ခြင်းဖြင့် ကိုယ်စီကျန်းမာသော ဘဝကို ပိုင်ဆိုင်ကာ နိုင်ငံအတွက်လည်း နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ စားသုံးဆီများတင်သွင်းမှုလျှော့ချ နိုင်ရေးအတွက် ယခုစားသုံးဆီ ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များ အနေဖြင့် ယခုထက်ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်း လိုကြောင်း၊ စိုက်ဧက များအား မှန်မှန်ကန်ကန် စနစ်တကျ ဖြင့် စိုက်ပျိုး၍ အထွက်နှုန်းတိုးမြင့်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအား ပြုပြင်ပြောင်းလဲ ရန်လိုကြောင်း၊ နိုင်ငံအတွက်နစ်နာ မှုများစွာ ဖြစ်ပေါ်လျက်ရှိသဖြင့် အားလုံးကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ကော့သောင်း ဒေသ နှင့် ဘုတ်ပြင်းဒေသများတွင် ဆီအုန်းများရာ နှုန်းပြည့်စိုက်ပျိုးကြရန်လို ကြောင်းဖြင့်မှာ ကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများအားပေးအပ်ပြီး တောင်ဒဂုံဆီအုန်း စိုက်ပျိုးရေးစီမံကိန်း ဆီကြမ်း ထုတ်လုပ်ရေး စက်ရုံအတွင်း စက်ရုံလည်ပတ်ဆောင်ရွက် နေမှု အခြေအနေများ အား ကြည့်ရှု ၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးသည်။


ယင်းနောက် တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းမှ ထွက်ရှိသည့် ဆီသီးခိုင်များနှင့် ဆီသီးခိုင်မှ တစ်ဆင့် ကာနယ်ဆီ၊ ဆီကြမ်းဆီ၊ စားအုန်းဆီ နှင့် ဆပ်ပြာများ ထုတ်လုပ်ထားရှိမှုအား ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။