တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် စပါးသီးနှံ အထွက်နှုန်း ပြည့်မီစွာထွက်ရှိရေး အတွက် အလားအလာကောင်းများရှိသည့် ဒေသများ ကို ရွေးချယ်ပြီး သက်ဆိုင်ရာ ဌာနများ က ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ ဒေသရေမြေနှင့် ကိုက်ညီပြီး အလားအလာကောင်း သည့် ဆီအုန်း၊ ရော်ဘာ၊ သီဟိုဠ်သရက်သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေးအပြင် ကော်ဖီ၊ ကိုကိုး နှင့် ဟင်းခတ်အမွှေး အကြိုင်ပင်များပါ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် ကိုလည်း ဒေသအလိုက် သီးနှံအလိုက် အစီအမံများ ရေးဆွဲချမှတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ၏ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးမှာကြားသည်။
ဇန်နဝါရီလ(၁၃)ရက်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အဆိုပါတွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ၊ ခရိုင် နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ လုပ်ငန်းဏ္ဍများ အလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်) အနေဖြင့် ဒေသနေလူငယ်များအား စိုက်ပျိုးမွေးမြူရေး အခြေခံသည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များ လက်တွေ့ကျွမ်းကျင်စွာ တတ်မြောက်စေရေး အတွက် စနစ်တကျ ပြုစု ပျိုးထောင်ပေးရန် ၊ ဆီအုန်းခြံများ၏ ဘေးပတ်လယ် မြေလွတ် နေရာများ တွင် မွေးမြူရေးအစာအဖြစ် အသုံးပြုနိုင်မည့် သီးနှံများ စိုက်ပျိုးရန် နှင့် တပိုင်တနိုင် မွေးမြူရေးလုပ်ငန်းများ ပြန့်ပွားရေး ဆောင်ရွက်ရန် ၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် စီမံချက် ရေးဆွဲဆောင်ရွက်ရန်၊ ငါး ပုစွန် မွေးမြူရေး လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေး အားပေးကူညီရန် ၊ မိုးများပြီး ရေရှားသည့် ဒေသဖြစ်သော တနင်္သာရီတိုင်းဒေသကြီး အတွင်း မြစ်၊ ချောင်းများမှ ရေချိုကို ရေထိန်းတံခါးများအသုံးပြု၍ ရေချိုထိန်းသိမ်းရန် နှင့် ရေငန်မဝင်ရောက်စေရေးအတွက် ရေငန်တားတမံများ ရေသွင်းမြောင်း ထုတ်မြောင်းများ စနစ်တကျဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Registration is free and easy!