စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ခေတ်မီနည်း စနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းရာတွင် စက်မှုသီးနှံဖြစ်သည့် ဝါသီးနှံ သည်လည်း ကဏ္ဍတခုအဖြစ် ပါဝင်ကြောင်း ၊ ဝါစိုက်တောင် သူများ၏ ဝင်ငွေ တွက်ခြေကိုက်မှု ရှိစေရန် တစ်ဧက ပျမ်းမျှဝါပိဿာ(၅၀၀)နှင့်အထက် ထွက်ရှိရေး အတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်း မျိုးသန့်ဝါမျိုးများ ၊ သွင်းအားစု နှင့် နည်းပညာများ ကူညီပေးရန် လိုအပ်ကြောင်း ဇန်နဝါရီလ(၉) ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ဝါနှင့် လျှော်မျှင်ထွက် သီးနှံဌာနခွဲ ဝါသီးနှံမျိုးသန့်ခြံ ၌ တာဝန်ရှိသူများနှင့်ဆွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေး ပြောကြားသည်။ရှေးဦးစွာ ဒုတိယဝန်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝါသီးနှံမျိုးသန့်ခြံ ချည်မျှင်ရှည်ဝါကြိတ်ခွဲမှု နှင့် ဝါမျိုးကောင်း မျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေများ၊ ဝါစိုက်ပျိုးထုတ်လုပ်မှု သုတေသနတွေ့ရှိချက်များအပေါ် တောင်သူများအား လက်တွေ့ပြသပြီး နည်းပညာပေး ဆောင်ရွက်နေမှု တို့ကိုကြည့်ရှုစစ်ဆေးသည်။ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်းတည်ဆောက်ရန်အတွက် မြေနေရာရွေးချယ်ထားသည့် အောင်လံမြို့နယ် ဝါနှင့် လျှော်မျှင် ထွက်သီးနှံဌာနခွဲ ဝါသီးနှံမျိုးသန့်ခြံ အနောက်ဘက်ရှိ စက်ရုံ ရပ်ကွက်ကိုလည်းကောင်း၊ အင်းကုန်းကျေးရွာ မြေလွတ်မြေလပ် နေရာများကိုလည်းကောင်း၊ ကွမ်းကုန်းကျေးရွာအုပ်စု မြေနေရာများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
Registration is free and easy!