နေပြည်တော်၊ စက်တင်ဘာလ(၂၁)ရက်
ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒတစ်ခုဖြစ်သည့် “ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ပို့ကုန် မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာ တိုးတက်လာစေရန်နှင့် လယ်ယာ စက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေး ပုံစံဖော်ထုတ်ရန်” ဆိုသည့် အချက်နှင့်ကိုက်ညီစွာ ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ မြေသယံဇာတ၊ ရေသယံဇာတများကို သားစဉ်မြေးဆက် အကျိုးရှိရှိ၊ စဉ်ဆက်မပြတ် ထုတ်လုပ်အသုံးချနိုင်ရေးအတွက် လူသားအရင်းအမြစ်များက ဖန်တီးစွမ်းဆောင် ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသများ၊ မြစ်ကြီးများ၊ မြစ်ငယ်များ၊ ချောင်းမြောင်း တို့မှာ ကွန်ယက်သဖွယ် တည်ရှိနေခြင်းတို့ကြောင့် ရေချို၊ ရေငန် ငါးသယံဇာတများ ပေါကြွယ်ဝလျက်ရှိပြီး မြန်မာ့ပင်လယ်ငါးသယံဇာတများ မျိုးပြုန်းတီးမှုမရှိ စေရေးအတွက် အများဆုံး ဖမ်းဆီးနိုင်သည့် ပမာဏထက် ကျော်လွန်ဖမ်းဆီးထုတ်ယူမှုများကို ဝိုင်းဝန်း ထိန်းသိမ်းကြရမည်ဖြစ်သည်။
စက်တင်ဘာ(၁၇) ရက်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် “မြိတ်ဒေသငါးစျေးကွက် ပြန်လည် ဖော်ဆောင်ရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကိုကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုး နှင့် လွှတ်တော်အရပ်ရပ်တို့မှ ရေးရာကော်မတီ ဥက္ကဌများနှင့်ကော်မတီဝင်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ ဖိတ်ကြားထားသူများ တက်ရောက် ကြပါသည်။
“မြိတ်ဒေသငါးစျေးကွက် ပြန်လည်ဖော်ဆောင်ရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကားပြောကြားရာတွင်-
နိုင်ငံတော်၏ ရေသယံဇာတများကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်း လုပ်ငန်းအတွက် ဆောင်ရွက်ကြရာတွင် ရေသယံဇာတ အရင်းအမြစ်များကို မိမိကိုယ်တိုင်လည်း စောင့်ရှောက်၊ အခြားသူများကိုလည်း တာဝန်ရှိသည်ဟူသော အသိတရားများကို ဖြန့်ဝေ ပေးခြင်းဖြင့် Responsible Fisheries မှ Sustainable Fisheries ဖြစ်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊
ရေလုပ်ငန်းနယ်ပယ်၏ လုပ်ငန်းအဆင့်ဆင့်ဖြစ်သည့် ထုတ်လုပ်သည်မှ တင်ပို့သည်အထိ ပါဝင်ကြသူများအားလုံးက ထုတ်လုပ်မှုပမာဏနှင့် အရည်အသွေးမြှင့်တင်မှုအပိုင်းများတွင် စွမ်းဆောင်ရည်မြင့်မားစွာ ဟန်ချက်ညီညီ ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပြီး ရေထွက်ပစ္စည်းစျေးကွက် ဖွံ့ဖြိုးရေးအတွက် ညီညီညွတ်ညွတ် ဝိုင်းဝန်းအကောင်အထည် ဖော်ရန် လိုအပ်ကြောင်း၊ ရေသယံဇာတများလျော့နည်းမျိုးတုန်းမှု မရှိစေရေး ဂေဟစနစ်ကြီး ထဲတွင် ပါဝင်နေသည့် သဘာဝပတ်ဝန်းကျင်ဖြစ်သော ဒီရေတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ ကျွန်းများ၊ မျိုးသုဉ်း ပျောက်ကွယ် တော့မည့် ရေသတ္တဝါ များနှင့် ငါးမျိုးများကို စနစ်တကျ ထိထိရောက်ရောက် ထိမ်းသိမ်းကာကွယ်ကြရမည် ဖြစ်ကြောင်း၊၊
နိုင်ငံအတွင်း ငါးစျေးကွက်ဖြစ်ထွန်းရေး၊ နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုကောင်းမွန်ရေး၊ အအေးခန်းနှင့် ပြုပြင်မွမ်းမံစက်ရုံများ အပြည့်အဝ လည်ပတ်နိုင်ပြီး တန်ဘိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်တင်ပို့နိုင်ရေး၊ နိုင်ငံတော်အတွက် ရသင့် ရထိုက်သော အခွန်အခများရရှိရေး၊ ရေလုပ်ငန်းနယ်ပယ်တွင် ပါဝင်လုပ်ကိုင် ကြသူများအားလုံး အကျိုးရှိစေရေးနှင့် သားစဉ်မြေးဆက်အတွက် အမွေကောင်းထားရှိနိုင်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များ မပျက်စီးစေရေးတို့ကို ရှေးရှုပြီး ဤဆွေးနွေးပွဲကြီးမှ ဝိုင်းဝန်း ဆွေးနွေး အကြံပြုကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း နှင့် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုး တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားကြပါသည်။
ထို့နောက်ဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ တက်ရောက်လာသူများက သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍများအလိုက် အသီးသီးဆွေးနွေးကြပြီးနောက် တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း က နိဂုံးချုပ်စကားပြောကြား ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
စက်တင်ဘာ(၁၈) ရက်နေ့နံနက်ပိုင်း တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်စန္ဒဝတ် ကျေးရွာအုပ်စု ရွှေဒူးကျေးရွာ မြိတ်-တနင်္သာရီ ကားလမ်းဘေးရှိ နှစ်ရှည်သီးနှံဌာနခွဲ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံသို့ ရောက်ရှိ၍ ရော်ဘာပျိုးပင်၊ ကိုင်းကူးယူမှု အခြေအနေနှင့် ပျိုးပင်အဆင့်ဆင့် ဆောင်ရွက်မှုနည်းပညာ ဆိုင်ရာများအား လက်တွေ့ သရုပ်ပြရှင်းလင်းမှုကိုကွင်းဆင်းကြည့်ရှုလေ့လာပြီး မြိတ်ခရိုင် အတွင်းရှိ ရော်ဘာ/ဆီအုန်း စိုက်ပျိုးထုတ်လုပ်သူများနှင့်တွေ့ဆုံခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဒူးကျေးရွာရှိ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန ဆီအုန်းခြံစိုက်ပျိုးရေးရုံးသို့ ရောက်ရှိပြီး ဆီအုန်းနှင့်ပတ်သက်၍ သုတေသနဆိုင်ရာ ခင်းကျင်းပြသထားသည့် ကုန်ကြမ်းထုတ်လုပ်သည့် စက်ကိရိယာများ၊ ကုန်ချောအဆင့်ဆင့် ထုပ်ပိုး ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး အစည်း အဝေးခန်းမတွင် ရော်ဘာ/ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းရှင် ၇၀ ဦးနှင့် တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်သန်းဆွေ က ရော်ဘာ/ ဆီအုန်း စိုက်ပျိုးနေမှုအခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန(ရွှေဒူးခြံတာဝန်ခံ) လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝမ်းက နှစ်ရှည်ပင်သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က တနင်္သာရီတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပမှ NGO/ INGO များနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
အခမ်းအနားသို့တက်ရောက်လာကြသော ရော်ဘာ/ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်းရှင်များက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
Registration is free and easy!