စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက် ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ နေပြည်တော် တပ်ကုန်းမြို့နယ်၊ မယ်ဇလီကျင်းကျေးရွာအနီး တွင် တည်ဆောက်ထား သည့် ဆင်သေရေလှောင်တမံ နှင့် ဒဟတ်ကုန်း ကျေးရွာရှိ ရေလွှဲဆည်တို့၏ ဆည်ရေ သိုလှောင် ထားရှိမှု တမံကြံ့ခိုင်မှု၊ စိုက်ပျိုးရေ ပေးဝေနေမှု နှင့် မြို့ပြသုံးရေ ပေးဝေမှုလုပ်ငန်းများ ကိုကြည့်ရှု စစ်ဆေးကာ ဒုတိယဝန်ကြီး က စိုက်ပျိုးရေများစနစ်တကျ ထိန်းညှိပေးရန်၊ ရေများ အလေအလွင့် မရှိ အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ရေအသုံးချသူများ အဖွဲ့(WUG) နှင့် ဌာနဝန်ထမ်းများ စနစ်တကျ ပေါင်းစပ် ဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။
တမံအလျား(၁၃၅၀ ပေ) တမံအမြင့် (၁၀၉ ပေ)ရှိ ဆင်သေရေလှောင်တမံသည် မြေသားတမံ အမျိုးအစားဖြစ်ပြီး လက်ဝဲတူးမြောင်း(၁၂)မိုင်၊ လက်ယာတူးမြောင်း (၂၉)မိုင်ရှိပြီး ယခုနှစ် မိုးစပါး ဧက(၁၀၀၀၀)ကျော် နွေစပါးဧက(၇၀၀၀)ကျော် နှင့် ဒေသ၏သောက်သုံးရေ ဖူလုံရေးကို အကျိုးပြုလျက်ရှိသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမှတ်(၆၈)စက်မှုလယ်ယာစခန်း သို့ရောက်ရှိရာ တာဝန်ရှိ သူများ က ဆောင်ရွက်ဆဲ စီမံကိန်းလုပ်ငန်းများ နှင့် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ (Smart Village) စံပြကျေးရွာ စီမံကိန်းတွင် တောင်သူများ၏ တောင်းဆိုချက်အရ ကွင်းအမှတ်ကွင်း အမှတ်(၂၀၄၄)တွင် (၇၅) ဧက ၊ ကွင်းအမှတ်ကွင်းအမှတ်(၂၀၄၅) တွင် (၁၁၄) ဧက အား (၂၀၂၂) ခုနှစ် မိုးစပါး စိုက်ပျိုးရေးရာသီ အမီ စက်မှုလယ်ယာ စနစ်ကျ လယ်မြေ အဖြစ် ဖော်ထုတ် နိုင်ရေး အတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းတင်ပြ ကြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က စက်မှုလယ်ယာစနစ်သို့ လက်တွေ့ကူးပြောင်း နိုင်ရေး၊ တောင်သူများကိုယ်တိုင် လယ်ယာသုံး စက်ကိရိယာများကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။
အလားတူ ရေဆင်းစိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ ယာသီးနှံသုတေသနဌာနခွဲ၊ ပဲမျိုးစုံ သီးနှံသုတေသနဌာနစု သို့ရောက်ရှိပြီး ပဲတီစိမ်းသီးနှံသုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကမ္ဘာ့ဟင်းသီးဟင်းရွက်သုတေသနဌာန (World Vegetable Center) နှင့် ပူးပေါင်းဆောင်ရွက်နေမှုလုပ်ငန်းများကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သီးနှံများ သုတေသနဌာန နှင့် ပဲစဉ်းငုံ မျိုးကွဲများပူးပေါင်းဆောင်ရွက်နေမှု အခြေအနေနှင့် ပဲပုပ်သီးနှံသုတေသနလုပ်ငန်းများ အတွက် ထိုင်းနိုင်ငံအထောက်အပံ (TICA) စီမံကိန်း အကူအညီဖြင့် ပဲပုပ်မျိုးများ သုတေသနဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး
သုတေသနလုပ်ငန်းများဖွံ့ဖြိုးရေး ၊ ပဲမျိုးစုံးသီးနှံများအနက် စိုက်ဧက အများဆုံး နှင့် ပြည်ပ ပို့ကုန် ဒုတိယအများဆုံးတင်ပို့သည့် ပဲတီစိမ်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်း မျိုးသန့် များဖြန့်ဖြူးပေးနိုင်ရေးနှင့် လိုအပ်သော သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ကိစ္စရပ်များ ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင်အဖွဲ့သည် အမှတ် (၂) ပျဉ်းမနားသကြားစက်ရုံနှင့် အမှတ် (၃) သကြားစက်ရုံများသို့ သွားရောက်ကြပြီး သကြားစက်ရုံများ၏ စက်ကြံ့ခိုင်ရေး ဆောင်ရွက် ထားရှိမှု ကြံရာသီ၊ ကြံကြိတ်ဝါးနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ကြံဝယ်ယူရေး လျာထားချက် ပြည့်မီရေး ဆောင်ရွက်ထားရှိမှုများ ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ညနေပိုင်းတွင် ပျဉ်မနားမြို့နယ် သနပ္ပင်ဆိပ်ကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာ တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ တောင်သူများနှင့် တွေ့ဆုံ၍ ဒေသ၏ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှု အခြေအနေများ ကို အပြန်အလှန်ဆွေးနွေးမေးမြန်းပြီး စားနပ်ရိက္ခာ ဖူလုံပိုလျှံရေး၊ ဘေးကင်းလုံးခြုံ၍ အာဟာရပြည့်ဝသော စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ တိုးတက် ထုတ်လုပ် နိုင်ရေး နှင့် ပို့ကုန်တိုးမြှင့်ရေး မျှော်မှန်းချက်များ အောင်မြင်စွာ အကောင် အထည် ဖော်နိုင်ရေး အတွက် မတူညီသော ဒေသ ရေ မြေ ရာသီဥတုအမျိုးမျိုးတို့၏ အခြေခံ ကောင်းများ ကို အသုံးချပြီး တန်ဖိုးမြင့် ဈေးကွက်ဝင် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် သက်ဆိုင်သူ အားလုံးတို့က ကျရာအခန်းကဏ္ဍများက ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ချက်များ ကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။