နိုင်ငံတော်၏ ဦးတည်ချက်တစ်ရပ်ဖြစ်သော တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး နှင့် ပညာရည်မြင့်မားရေး ဟူသည့် လူမှုရေးဦးတည်ချက်ကို လက်တွေ့ ကျင့်သုံး အကောင်အထည်ဖော်နိုင်ရေး နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ကို ကျန်းမာကြံ့ခိုင်သော လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးရာ နိုင်ငံဝန်ထမ်း အဖွဲ့ အစည်း အဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ (၃)ရက်နေ့ က ကျင်းပပြုလုပ်သည့် ဝန်ကြီးဌာန ဖူဆယ်ဘောလုံးကစားကွင်းဖွင့်ပွဲနှင့် ပထမအကြိမ် ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများ တက္ကသိုလ်များ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပါမောက္ခချုပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာန အောက်ရှိ နိုင်ငံဝန်ထမ်း အားစကားမောင်မယ်များ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအောက်ရှိ နိုင်ငံဝန်ထမ်းများ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်ရေး နှင့် လုပ်ငန်းခွင်အတွင်း တက်ကြွ ပျော်ရွှင်စွာ စွမ်းဆောင်နိုင်ရေး ၊ အစုအဖွဲ့လိုက် စုပေါင်း ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေးတို့အတွက် အားကစား နည်းများ အလိုက် ကျွမ်းကျင်စွာ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေး အားပေးဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ချိန်တည်းတွင် မိမိဝန်ကြီးဌာန နှင့် နိုင်ငံ့ဂုဏ်ကိုဖော်ဆောင်ပေးနိုင်မည့် ထူးချွန်သည့် အားကစား သမားများ မွေးထုတ်ပေးနိုင်ရေးကိုလည်း ကြိုးပမ်းကြရန်လိုအပ် ကြောင်း၊ အဆိုပါလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် အဆင့်မီ အားကစား ကွင်းများ နှင့် အထောက်အကူပစ္စည်းများ ပြည့်စုံရန် လိုအပ်သည့်အတွက် ယနေ့ဖွင့်လှစ် မည့် ဖူဆယ် ဘောလုံးကစားကွင်း ကို ပြည်ထောင်စုဝန်ကြီးရုံးအနီးတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများ နှင့် ဝန်ထမ်းမိသားစုများ လာရောက်ကစားနိုင်ကြမည်ဖြစ်ကြောင်း ၊ အလားတူ အခြားအားကစားနည်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ရာ အားကစားမောင်မယ်များအနေဖြင့်လည်း နိုင်ငံဂုဏ်ဆောင် အားကစားသမားအဆင့်အထိ ကြိုးစားလေ့ကျင့် ၍ ထူးချွန်စွာယှဉ်ပြိုင် ကစားနိုင်ရေး ကြိုးပမ်း ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် အမြဲတမ်းအတွင်းဝန် တို့က ဖူဆယ်ဘောလုံးကစားကွင်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပထမအကြိမ် ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲ ကိုကျင်းပပြုလုပ်ပြီး ဆုရအသင်းများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။
Registration is free and easy!