မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဆိုင်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ အဖွင့်အမှာစကား ပြောကြား

မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဆိုင်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ အဖွင့်အမှာစကား ပြောကြား

နေပြည်တော်၊ စက်တင်ဘာလ(၁၄)ရက်

မြန်မာ့လယ်ယာကဏ္ဍတွင် အဓိက တွေ့ကြုံနေရသည့် လယ်ယာလုပ်သားရှားပါးမှု၊ လွန်ကဲသော ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် မိုးခေါင်ခြင်း၊ ရေကြီး ရေလျှံခြင်း စသည့်သဘာဝဘေးများကြုံတွေ့ရခြင်းတို့ကြောင့် သီးနှံ အရည်အသွေးပိုင်းနှင့် အထွက်နှုန်း လျော့ကျမှုများ၊ ရိတ်သိမ်းချိန်လွန်ကာလ လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်မှုတို့ကို ဖြေရှင်းနိုင်ရန် အတွက် သိပ္ပံနည်းကျ GAP စိုက်ပျိုးနည်းစနစ်အပါအဝင် ခေတ်မီစိုက်ပျိုးမှုနည်းပညာနှင့် ခေတ်မီသိုလှောင်မှုနည်းစနစ်လိုအပ်ချက်များ၊ လယ်ယာကဏ္ဍတွင် ခေတ်မီ လယ်ယာသုံး စက်ကိရိယာများ ထိထိရောက်ရောက်‌သုံးစွဲနိုင်ရေး၊ အဆင့်မြင့်စက်မှုလယ်ယာမြေ ဖော်ထုတ်ခြင်း  စသည့် လုပ်ငန်းများကို စနစ်တကျ ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ပါသည်။

        မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဆိုင်ရာ ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း၊ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဌ ဦးဘမျိုးသိမ်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ ခွန်ဝင်းသောင်း နှင့် အတွင်းရေးမှူး ဦးစိုးဝင်း၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနဗဟိုဌာန IRRI ညွှန်ကြားရေး မှူးချုပ် Dr. Mathew Morell ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Dr. Jacqueline Hughes    နှင့် အဖွဲ့ဝင်များ၊ UN Agencies မှ ဧည့်သည်တော်များ၊  NGO, INGO အဖွဲ့စည်းတို့မှ တာဝန်ရှိသူများ၊ သုတေသနပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက တိုးပွားလာသည့် ကမ္ဘာ့လူဦးရေအတွက်ပါ အတိုင်းအတာတစ်ခုအထိ ပြည့်စုံစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး သီးနှံများ စားသုံးမှုဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် အဟာရပြည့်ဝသော နိုင်ငံတကာစံချိန်စံညွှန်းမီထုတ်လုပ်နိုင်ရေးနှင့် စျေးကောင်း ရရှိရေး တို့အတွက် မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသန ဗဟိုဌာန (IRRI)တို့ ပူးပေါင်း၍ မြန်မာ့ဆန်စပါးကဏ္ဍတိုးတက်မှုဆိုင်ရာ နည်းဗျူဟာများ ချမှတ်၍ ဆောင်ရွက် လျက်ရှိနေကြောင်း၊

ဆန်စပါးကို အားထားစိုက်ပျိုးနေကြသည့် ကျေးလက်နေတောင်သူ လယ်သမားများ ရင်ဆိုင်နေရသည့် စိုက်ပျိုးစရိတ် ရင်းနှီးငွေ လုံလောက်စေရေး၊ စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများ စျေးကောင်းရရှိစေရေး၊တောင်သူများ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန် လေလွင့်ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ စိုက်ပျိုးရေအလုံအလောက်ရရှိစေရေး၊ အရည်အသွေး ပြည့်ဝသည့် ဆန်စပါးသီးနှံများ စိုက်ပျိုးထွက်ရှိစေရေးနှင့် သက်သာသော လယ်ယာသုံး စက်ကိရိယာဝန်ဆောင်မှုပေးနိုင်ရေး စသည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးတို့အတွက် မိမိတို့အားလုံးက ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း က အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဗဟိုဌာန(IRRI)နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့်ဆန်စပါးကဏ္ဍ တိုးတက်ရေးဆိုင်ရာများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေး တင်ပြပါသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဗဟိုဌာန IRRI မှ ညွှန်ကြားရေးမှူးချုပ် Dr. Mathew Morell နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် Dr. Jacqueline Hughes တို့က မြန်မာနိုင်ငံနှင့်ဆန်စပါးကဏ္ဍတိုးတက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။

ယနေ့ကျင်းပပြုလုပ်သည့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဆိုင်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ဆွေးနွေးပွဲ တွင် မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသနဗဟိုဌာန (IRRI)တို့ ပူးပေါင်း၍ ရေးဆွဲရန်လိုအပ်သည့် မူဝါဒများ၊ ရေတို-ရေရှည် စီမံကိန်းများအတွက် နည်းဗျူဟာများ ပေါင်းစပ်ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော် မှ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်မှန်းထားသည့် အဓိကဆောင်ရွက်ရမည့် သော့ချက်ဧရိယာ(၁၀)ခုတွင် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် လိုအပ်သည့် ပူးပေါင်း ဆောင်ရွက်မှုများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ အတွေ့ အကြုံကောင်းများအား မျှဝေဆောင်ရွက်သွားမည်ဖြစ်သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဆွေးနွေးပွဲတက်ရောက်လာသူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ကွင်းများအတွင်း မျိုးဗီဇအလိုက် သုတေသနပြု စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။