ပဲခူးတိုင်းဒေသကြီး ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုး မွေးမြူရေး အခြေခံ သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာလ(၆)ရက်နေ့ က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ဆွေးနွေးပွဲ သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဆွေးနွေးပွဲတွင် မိုးစပါးနှင့် နွေစပါး အထွက်နှုန်းတိုးရေး၊ မြေဆီလွှာ ကောင်းမွန်ရေးနှင့် ဓါတ်မြေဩဇာ ထိရောက်စွာ သုံးစွဲရေးကြိုးပမ်းလျက်ရှိရာ ရေရှည် တည်တံ့သော မြေအသုံးချမှု နည်းပညာများ ထိထိရောက်ရောက်ဖြန့်ဖြူးပေးရန် နှင့် သစ်စိမ်း မြေဩဇာ အသုံးပြုမှု ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်ရန်၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဆည်ရေသောက်များတွင် ဖြူးချောင်း တမံ ရေသောက် ဧရိယာကဲ့သို့ မိုးစပါးနှင့် နွေစပါးကြားတွင် ပဲသီးနှံထည့်သွင်း ၍ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက် ပေးခြင်းဖြင့် တောင်သူအတွက် ဝင်ငွေ တိုးတက် ရရှိစေရေး ဆောင်ရွက်ရန်နှင့် ဈေးကွက် ရှိပြီး တောင်သူများ စိတ်ဝင်စား သည့် မတ်ပဲ ပဲတီစိမ်း သီးနှံများတိုးချဲ့စိုက်ပျိုးရေး ၊ ဒေသ၏ စားသုံးဆီ ဖူလုံရေးအတွက် အခြေအနေပေးသည့် ဒေသများ တွင် နေကြာ နှင့် နွေနှမ်း စိုက်ပျိုးရန်၊ လိုအပ်ချက်များကို ဦးစီးဌာနများ အလိုက် ကူညီပေးရန်၊ ဝင်ငွေရ နှစ်ရှည် သီးနှံ သီဟို ၊ မြေပြန့်ကော်ဖီ နှင့် ငရုတ်ကောင်း စိုက်ပျိုးရေး ၊ ဈေးကွက် အလားအလာကောင်းသည့် ရာသီပင် ပီလောပိနံ စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ဝန်ကြီးဌာနက မိဘမျိုး နှင့် နည်းပညာများ ကူညီ ပေးမည့်အခြေ အနေများ၊ ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ငန်းရှင်များ ၊ မျိုးစေ့ထုတ် တောင်သူများ အတွက် ပံ့ပိုးဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ ဝက် နွား ဆိတ် ကြက် မွေးမြူရေး တိုးမြှင့်ရန် ၊ တိရစ္ဆာန်အစာမြက်များ စိုက်ပျိုးကျွေးမွေးခြင်း နှင့် နွားစာ ချဉ်ဖတ် ပြုလုပ် သုံးစွဲရေး အတွက် ပညာပေးဆောင်ရွက်ရန်၊ အဆင့်မီသားသတ်ရုံ နှင့် အေးခဲသိုလှောင်ရုံလိုအပ်ချက်များ နှင့် တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်နိုင်ရေးအတွက် လယ်ယာထွက်ကုန်အခြေခံ စက်မှုဇုန်များ ဆောင်ရွက်ရန် ၊ ဆည်တမံများနှင့် သဘာဝ ရေပြင်ကျယ်များတွင် လှောင်အိမ်စနစ် စီးပွားဖြစ် ငါးမွေးမြူရေး အောင်မြင်အောင် ဆောက်ရွက်ရန်၊ စစ်တောင်းမြစ်ရေတိုက်စားမှုမှ စိုက်ပျိုးမြေများ ဆုံးရှုံးမှု လျော့ချ ကာကွယ်နိုင်ရေး အတွက် ဆက်စပ်ဌာနများပူးပေါင်း၍ နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် ရန်၊ ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးစီးပွားလုပ်ငန်းများ ဖြစ်စေရေး အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးပြည်နယ်များ၏ စီမံကိန်း စီမံချက် နှင့်ရန်ပုံငွေ လျာထားမှုများ ဟန်ချက်ညီ ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဆည်မြောင်း ပညာရပ် ဖွံ့ဖြိုးမှုဌာနခွဲ (ပဲခူး)သို့ ရောက်ရှိကြပြီး တည်ဆောက်ရေးပစ္စည်းများ စမ်းသပ်ခြင်း နှင့် ဆည်တာတမံနှင့် ရေပေးဝေမှု ဒီဇိုင်းများ ရေးဆွဲအကောင်အထည် ဖော်ရာတွင် စကေးကိုက် ပုံစံငယ်များ တည်ဆောက်၍ ပုံစံထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ၊ သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးမှုများ နှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားရှိ မှုများ၊ သုတေသန လုပ်ငန်းများ နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းဆိုင်ရာများကို ကြည့်ရှု စစ်ဆေးကာ ခေတ်မီ အီလက်ထရောနစ်ဆက်သွယ်ရေးနည်းပညာကို ထိရောက်စွာ အသုံးပြု၍ နိုင်ငံတကာ၏ သုတေသနဖော်ထုတ်တွေ့ရှိချက်များ၊ နောက်ဆုံးပေါ် နည်းပညာများ ကို တိုးတက်လေ့လာ ကြရန်လိုအပ်သကဲ့သို့ မိမိရေမြေဒေသနှင့် လိုက်လျော ညီထွေပြီး လက်တွေ့ အကျိုးများ စေမည့် နည်းပညာသစ်များ ဖော်ထုတ် အသုံးပြုနိုင်ရေး ကြိုးပမ်းကြရန်၊ စွမ်းဆောင်ရည် ပြည့်ဝသော လူသားအရင်းအမြစ်များ တိုးပွားရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များ ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
Registration is free and easy!