ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊  ရှမ်းပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ ရှမ်းပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ (၂၉)ရက်နေ့ က ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအနီး တည်ဆောက် လျက်ရှိသည့် ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း သို့ရောက်ရှိ ကြပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ရှင်းလင်းဆောင် တွင် စီမံကိန်းလုပ်ငန်းတာဝန်ရှိသူများအား တွေ့ဆုံ၍  ခွင့်ပြု ဘဏ္ဍာငွေ ရရှိမှုပေါ်မူတည်၍ လုပ်ငန်းများအချိန်မီပြီးစီးရေး နှင့် သတ်မှတ် အရည် အသွေး ပြည့်မီရေး၊ စီမံကိန်းလုပ်ငန်းများ ပြီးစီးပါကရေအားလျှပ်စစ်ထုတ်လွှတ် ပေးနိုင်မည့် ပမာဏနှင့် ဇော်ဂျီ တမံနှင့် မြို့ကြီးတမံများသို့ ရေကူပေးနိုင်မည့် အခြေအနေများနှင့် စီမံကိန်း လုပ်ငန်း ဆိုင်ရာ များ ကို ဒုတိယဝန်ကြီး က တာဝန်ရှိသူများ အား ဆွေးနွေး မှာကြားသည်။



ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တမံတည်ဆောက်ရေးလုပ်ငန်းခွင် နှင့် ရေပိုလွှဲ တည်ဆောက် ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ကျိုင်းခမ်းရေလှောင် တမံဝန်းကျင် တွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ကာကွယ်ရေး နှင့် သဘာဝပတ်ကျင် သာယာလှပရေး အတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် သီးနှံသစ်တော ရောနှော စိုက်ခင်းတွင် ဒေသခံ တောင်သူများ၏ ကော်ဖီသီးနှံများ စိုက်ပျိုးလုပ်ကိုင်နေမှုတို့ကို လည်းကောင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။


ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း တွင် တမံတည်ဆောက်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေသော်လည်း နမ့်အက်ချောင်းရေများကို တည်ဆောက်ပြီးစီး ခဲ့သည့် ရေသွယ် မြောင်းမကြီးမှ တဆင့် ဇော်ဂျီတမံနှင့် မြို့ကြီးတမံများသို့ ရေကူ ပို့လွှတ်ထား နိုင်မှုကြောင့် ယင်းတမံကြီး များ၏ ရေအားလျှပ်စစ်ထုတ်ယူမှု တိုးမြှင့် ဆောင်ရွက်နိုင်လျက် ရှိသကဲ့သို့ ဇော်ဂျီရေလှောင် တမံ ရေသောက်စနစ်ရှိ စိုက်ပျိုးမြေများ နှင့် ကင်းတား လက်ယာ မြောင်း ရေသောက်စနစ်ရှိ စိုက်ပျိုးမြေများအား စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်လျက် ရှိကာ မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးကို အကျိုးပြုလျက်ရှိသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပွင့်ကောင်းကုမ္ပဏီမှ စိုက်ပျိုးထားသည့် မြေပြန့်ကော်ဖီနှင့်မက္ကဒေးမီးယားစိုက်ခင်းမျာအား ကြည့်ရှုအားပေးပြီး ကော်ဖီကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တောင်သူ ပုဂ္ဂလိက တို့ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာနှင့် လိုအပ်ချက်များကို ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနေမှု တို့ကို တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြသည်။




ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဗထူးမြို့ အမှတ်(၁) တိရစ္ဆာန်မွေးမြူရေး နှင့် လေ့ကျင့်ရေး တပ်ရင်း စံပြမွေးမြူရေးဇုန်တွင် နို့စားနွား၊ အသားတိုးနွား၊ ဝက်၊ ဆိတ် ၊ အသားတိုးကြက် ၊ ဥစားကြက် နှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှု အားပေးပြီး လွှတ်ကျောင်းစနစ်အစား တိရစ္ဆာန်အစာပင်များ စိုက်ပျိုး ကျွေးမွေး သည့် စနစ်ဆောင်ရွက်ရေး ၊ တိရိစ္ဆာန်ကူးစက်ရောဂါ တားဆီး ကာကွယ်ရေး နှင့် ခေတ်မီ စိုက်ပျိုး မွေးမြူရေး ဆိုင်ရာနည်းပညာများ အသုံးပြုနိုင်ရေးဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။




အလားတူ တောင်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန နမ့်လတ်ခြံ သို့ ရောက်ရှိကြပြီး သရက်၊လိုက်ချီး၊လောင်ဂန်၊ ထောပတ်၊ရှောက်ချို၊ တစ်သျှူးငှက်ပျောနှင့် လိမ္မော် စိုက်ပျိုး ထားရှိမှု အခြေအနေများနှင့် ပျိုးပင်ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဒေသနှင့်ကိုက်ညီသော ရာသီ သီးနှံများ၊ မျိုးကောင်း မျိုးသန့်များအား အဆင့်မြင့်နည်းပညာများဖြင့် သုတေသနပြု ဖော်ထုတ်ပြီး စိုက်ပျိုးတောင်သူများ လက်ဝယ် အရောက် ဖြန့်ဝေပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။




ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ် ထုံးဖို စိုက်ပျိုးရေးသုတေသနခြံ လုပ်ငန်းများ အားကြည့်ရှုစစ်ဆေးရာ ခြံတာဝန်ခံက ရာသီဥတုကို ခံနိုင်ရည်ရှိပြီး ရေရှည် တည်တံ့သော အထွက်နှုန်းကိုပေးနိုင်သည့် ဟင်းသီးဟင်းရွက် မျိုးကောင်း မျိုးသန့်များ သုတေသနပြု ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တစ်သျှူး နည်းပညာ အသုံးပြု၍ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သီးနှံမျိုးများထုတ်လုပ်ပေးနေမှု ၊ ရှားပါး၍ မျိုးပွားရန် ခက်သော အပင်မျိုးများကို သုတေသနပြု ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီး က သုတေသနပြုရရှိလာသော ရလဒ်ကောင်းများနှင့် နည်းပညာများ၊ မျိုးသစ်များ ကို စိုက်ပျိုးထုတ်လုပ်သူတို့အား လက်ဆင့်ကမ်း ဖြန့်ဝေခြင်းကို ဆက်စပ် ဌာနများ နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ တောင်သူအခြေပြု သုတေသနစခန်းများ တည်ထောင်၍ လက်တွေ့ အသုံးချသုတေသနများဖွံ့ဖြိုးရေး ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။