အရည်အသွေးကောင်း လိမ္မော်မျိုးများ သွင်းကုန်အစားထိုး စိုက်ပျိုးထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်

အရည်အသွေးကောင်း လိမ္မော်မျိုးများ သွင်းကုန်အစားထိုး စိုက်ပျိုးထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ရှမ်းပြည်နယ် ပင်းတယမြို့နယ် အင်းငယ် ကျေးရွာရှိ တောင်သူ ဦးမောင်ဝင်းငယ် ၏ လိမ္မော်စိုက်ခင်း နှင့် ရပ်စောက်မြို့နယ်၊ ကောင်းဘို့ ကျေးရွာအုပ်စု ခွံပွလိမ္မော်ခြံများသို့ ရောက်ရှိကြပြီး လက်တလောတွေ့ကြုံနေရသည့် လိမ္မော်စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာများ နှင့် သီးနှံ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများ၊ မျိုးကောင်း မျိုးသန့် သုံးစွဲနိုင်ရေး နှင့် လိုအပ် သော သုတေသနလုပ်ငန်းများ ဌာနဆိုင်ရာနှင့် တောင်သူများပူးပေါင်း  ဆောင်ရွက် နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြေဆီလွှာထိန်းသိမ်း နိုင်ရေး ကွန်တိုစနစ်ဖြင့် စိုက်ပျိုး နိုင်ရေး၊ စိုက်ပျိုးရေ ထိရောက်စွာအသုံးချနိုင်ရေးအတွက် ခေတ်မီရေသွင်းစနစ် အသုံးပြုရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်၊၊

ဒေသခံတောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က လိမ္မော်စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန်၊ သွင်းကုန်အစားထိုး အရည်အသွေးကောင်း လိမ္မော်မျိုးများ စိုက်ပျိုးနိုင်ရန် နှင့် ခေတ်မီစိုက်ပျိုးနည်းပညာများ အသုံးပြု နိုင်ရန်တို့အတွက် မိမိတို့ဝန်ကြီးဌာန က လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း ၊  လိမ္မော် စိုက်ပျိုးရေးတွင် ရင်းနှီးမြုပ်နှံမှု တိုးတက်လာစေရေး၊ ဈေးကွက်နှင့်အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေး ၊ တန်ဖိုးမြှင့် စားသောက်ကုန် အဖြစ် ကုန်ချောထုတ်လုပ်နိုင်ရေး တို့ အတွက် တောင်သူ နှင့် ပုဂ္ဂလိကများ ပူးပေါင်းဆောင်ရွက်ရေး၊ လိ‌မ္မော်စိုက် တောင်သူ အစုအဖွဲ့ သမဝါယမအသင်းများ ထူထောင် လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများ နှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။




ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်သူများက အဖူးဆက် လိမ္မော်ပျိုးပင် ထုတ်လုပ် ရောင်းချနေမှု အခြေအနေများ နှင့် ပျိုးခြံအတွင်း အဖူးဆက်နည်းဖြင့် မျိုးပွားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း၊ ကောင်းဘို့ကျေးရွာတွင် ပျားလိမ္မော်၊ ဆက်ဆူးမားလိမ္မော်မျိုး နှင့် ကောင်းဘို့ဒေသ လိမ္မော်မျိုးများအား တစ်နှစ်လျှင် ဖူးဆက် ပျိုးပင်(၅)သိန်းမှ (၁၀)သိန်းကျော်ထိ နှစ်စဉ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။