စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ခေတ်မီနည်း စနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရာ၌ အဆိုပါကဏ္ဍများတွင် လက်ဆင့်ကမ်း တာဝန်ယူ ဆောင်ရွက် ကြမည့် ပညာရှင်လူ့အရင်းအမြစ်များ တိုးပွား ခိုင်မာရေးကို တည်ဆောက်ရန် လိုအပ်ကြောင်း၊ ယင်းလိုအပ်ချက်ကို စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တို့က အားပြည့်အင်ပြည့် ကြိုးပမ်းပေးကြ ရမည် ဖြစ်ရာ တက္ကသိုလ် ဆရာကြီး ဆရာမကြီးများအနေဖြင့် ဆရာ့ ကျင့်ဝတ်ငါးဖြာနှင့်အညီ ဆောင်ရွက် ကြရာ တွင် ရှေ့ရှုမေတ္တာ ကရုဏာနှင့် နာနာကျင်ကျင် အပြစ်မြင်တိုင်း ဝမ်းတွင်းမသို  ဟုတ်တိုင်း ဆို၍ ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော့ ဟု ဆုံးမထားသည့် မဃဒေဝ လင်္ကာ လာ ဩဝါဒနှင့်အညီ တပည့်များ၏ ပစ္စုပ္ပန် အနာဂတ် ကောင်းစားရေးကို ရှေးရှုဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် နိုဝင်ဘာ(၂၁) ရက်နေ့က နေပြည်တော် (ရေဆင်း) တက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များသို့ ရောက်ရှိစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။



ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ၏ လာမည့်စာသင်နှစ် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင် ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျောင်းသူ၊ ကျောင်းသားများ နေထိုင်နိုင်ရေး ၊ သင်ယူ လေ့လာနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများ ကို ကြည့်ရှု စစ်ဆေး ပြီး စာကြည့်တိုက်များအတွက် နည်းပညာ နှင့် အထွေထွေ ဗဟုသုတစာအုပ်များ၊ ရန်ပုံငွေများ လှူဒါန်းပေးအပ်ခဲ့သည်။



စာသင်ဆောင်များ၊ စာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက စာကြည့်တိုက်များတွင် သမိုင်းဆိုင်ရာများ၊ ဘာသာရပ်ပိုင်း ဆိုင်ရာများ၊ လူမှုအသိုင်း အဝိုင်းဆိုင်ရာ ဗဟုသုတများ နှင့် စာကောင်း ပေမွန်များ ကိုထားရှိရန် ၊ စည်းကမ်း စနစ် တကျဖြင့် စာပေဖတ်ရှု လေ့လာခြင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေပဲ တိတ်ဆိတ် ငြိမ်သက်စွာ လေ့လာဖတ်ရှုခြင်း စသည့် အလေ့အကျင့် ကောင်းများ လေ့ကျင့်ပေး သွားရန် ၊ စာကြည့်တိုက်နှင့် စာအုပ်စာစောင်များကို ရေရှည် တည်တံ့မှုရှိစေရေး ထိန်းသိမ်းမှုပုံစံ စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။