စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တွင် မိရိုးဖလာစနစ်မှ ခေတ်မီနည်းပညာများ အသုံးပြု၍ ထုတ်လုပ်မှု ပမာဏ နှင့် အရည်အသွေးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး နှင့် မွေးမြူရေး ဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ကျွမ်းကျင်သူများ သည် အရေးပါသော အခန်းကဏ္ဍ မှ ပါဝင်နေပါကြောင်း ၊ လယ်ယာကဏ္ဍ တွင် အရည်အချင်း ပြည့်ဝသည့် လူ့အရင်းအမြစ် အင်အားများ တိုးပွားလာရေးအတွက် အဓိက တာဝန်ယူ လေ့ကျင့် ပျိုးထောင်ပေးကြမည့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ နှင့် မွေးမြူရေး ဒီပလိုမာသင်တန်း များ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အကောင်းဆုံး ဖြတ်ကျော်နိုင်မည့် နေ့စဉ် လူနေမှုဘဝ ပုံစံသစ်ကို ဖော်ဆောင်ပြီး ထိရောက်သော သင်ကြားမှုပုံစံ၊ လက်တွေ့ လုပ်ငန်းခွင် သို့ အသင့်ဝင်ရောက်နိုင်မည့် လေ့ကျင့်မှုပုံစံတို့ဖြင့် သွက်လက်ထက်မြက်စွာ သင်ကြားနိုင်ရေး စီမံဆောင်ရွက်သွားကြစေလိုကြောင်း နိုဝင်ဘာ(၂၁)နေ့က ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဌာနဆိုင်ရာတာဝန်ရှိသူများ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီး နှင့် ဆရာ ဆရာမများ နှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။
ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် သင်ကြားရေးလုပ်ငန်းများ ရပ်နားထားခဲ့သည့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို မကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာ လိုအပ်သောအကြိုပြင်ဆင်မှုများနှင့် အသစ်ဖွင့်လှစ်မည့် မွေးမြူရေးဒီပလိုမာသင်တန်းအတွက် သင်ကြားမှု သင်ယူမှု အထောက်အကူပြုများ ပြည့်စုံစေရေး၊ စာသင်ခန်း၊ လက်တွေ့ခန်းနှင့် ဓာတ်ခွဲခန်းများ အရည်အသွေးပြည့်ဝရေး နှင့် ကျောင်းဖွင့်ကာလအမီ လုပ်ငန်းများ ပြီးစီးရေး အတွက် ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြခြင်း ဖြစ်သည်။ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော စိုက်ပျိုးရေး သိပ္ပံကျောင်း ဖြစ်သည့်အားလျော်စွာ ၁၉၂၃-၂၄ ခုနှစ်က တည်ဆောက်ခဲ့သည့် ရှေးဟောင်း အဆောက်အဦးများ ပြန်လည်ထိန်းသိမ်းထားမှုတို့ကို ဒုတိယဝန်ကြီး နှင့် အဖွဲ့က လိုက်လံ ကြည့်ရှု စစ်ဆေးပြီး ကျောင်းစာကြည့်တိုက်အတွက် နည်းပညာ နှင့် အထွေထွေဗဟုသုတ စာအုပ်များ နှင့် ရန်ပုံငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ စိုက်ပျိုးရေးဒီပလိုမာ သင်တန်းများကို စိုက်ပျိုးရေးသိပ္ပံ (နေပြည်တော်၊ ပျဉ်းမနား) ၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမောဆို၊ ဇွဲကပင်(ဘားအံ)၊ လုံပီး(ဖလမ်း)၊ ကျောက်တော်၊ ဟုမ္မလင်း တို့တွင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ မွေးမြူရေးဒီပလိုမာ သင်တန်း များကို စိုက်ပျိုးရေး သိပ္ပံ (နေပြည်တော်၊ပျဉ်းမနား)၊ ပုသိမ်ကြီး နှင့် ဟဲဟိုး တို့တွင် ရှေ့းပြေးဖွင့်လှစ်သွားမည်ဖြစ်ကာ စိုက်ပျိုးရေးသိပ္ပံကျောင်းအားလုံးတွင် တိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ၊ စက်မှုလယ်ယာ ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ကို လည်း ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။အလားတူ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း) တွင် ကျင်းပ ပြုလုပ် မည့် လိမ္မော် နှင့် ရှောက်မျိုးရင်းဝင် သစ်သီးပင်များ ပြိုင်ပွဲ၊ ပြပွဲ နှင့် စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပရေးအကြိုလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေး ခဲ့ကြပြီး အခမ်းအနား၏ ရည်ရွယ်ချက်အတိုင်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ပြီး စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ရှိ စာကြည့်တိုက် အတွက် စာအုပ်နှင့်ရန်ပုံငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
Registration is free and easy!