စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးနှင့် အခြား နှံစားသီးနှံသုတေသနဌာနခွဲ၊ စပါးသီးနှံ သုတေသနဗဟိုဌာန နှင့် ကိုရီးယားနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု အုပ်ချုပ်ရေးဌာန { DAR-KOPIA (RDA) } တို့ ပူးပေါင်း၍ အရည်အသွေးကောင်း စပါးမျိုးသစ်များ မွေးမြူ ရွေးချယ်ခြင်း သုတေသနများကိုဆောင်ရွက်လျက်ရှိရာ စျေးကွက်ဝင်အရည်အသွေးကောင်း စပါး မျိုးသစ် YKQR-01(ဝိုင်ကေကြူအာ-၀၁) တစ်မျိုးကို အောင်မြင်စွာ ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။၂၀၂၀ နွေရာသီတွင် စံထားမျိုး (Hanareum)အသုံးပြု၍ အကွက်ကျယ် သရုပ်ပြ စမ်းသပ်ခြင်း ကို ရေဆင်း၊ ကျောက်တံတား၊ လွိုင်ကော်ဒေသများတွင် ဆောင်ရွက်ခဲ့ရာ ပျှမ်းမျှအထွက်နှုန်း (၁၃၃.၃)တင်းအထိ ထွက်ရှိပြီး စံထားမျိုးထက် (၁၄.၅%) သာလွန်ခဲ့ကြောင်း၊ နွေစပါး၊ မိုးစပါး အနေဖြင့် စိုက်ပျိုးရန်သင့်တော်သည့် ဆန်ရည်ဆန်သား ကြည်လင်၍ ဆန်လုံးရှည် သွယ်သော စျေးကွက်ဝင် အရည်အသွေးကောင်း စပါးမျိုးသစ်တစ်မျိုး ဖြစ်ကြောင်း၊ စီးပွားဖြစ် စိုက်ပျိုး နိုင်ရေး အတွက် မျိုးပွားမျိုးဖြန့်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာန မှ သိရှိရသည်။အဆိုပါ မျိုးသစ်သည် ကိုးရီးယားစပါးမျိုး (Hanareum)ကို အမမျိုး အဖြစ်အသုံးပြုပြီး မြန်မာစပါး မှော်ဘီ-၃ ကို အဖိုအဖြစ် ထားရှိကာ ၂၀၁၅ ခုနှစ်၊ မိုးရာသီတွင် စတင် မျိုးကူးစပ်ခြင်း မှ ရရှိလာခြင်းဖြစ်ကြောင်း၊ Hanareum စပါးမျိုးသည် Japonica စပါးမျိုးအုပ်စုဖြစ်ပြီး ပင်စည် တောင့်တင်းခိုင်မာခြင်း၊ မြန်မာ့ရေမြေဒေသတွင် အပင်ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်၍ မှော်ဘီ-၃ စပါးမျိုးသည် Indica စပါးမျိုးအုပ်စုဖြစ်ပြီး အထွက်ကောင်းစပါးမျိုးဖြစ်၍ အပင် တောင့်တင်း ခိုင်မာကာ အထွက်နှုန်းမြင့်မားသော အရည်အသွေးကောင်း စပါးမျိုးသစ်များရရှိရန် မျိုးကူးစပ် မွေးမြူခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ မှ ၂၀၁၈ အထိ ဗီဇငြိမ်လိုင်းများ ရရှိသည်အထိ သားဆက် အဆင့်ဆင့် မျိုးမွေးမြူရွေးချယ်ခဲ့ကြပြီး ရေဆင်း၊ ကျောက်တံတား၊ လွိုင်ကော်၊ မိုးညှင်း စိုက်ပျိုးရေး သုတေသနခြံများတွင်လည်း စံထားမျိုး ရွှေပြည်ဌေး၊ မှော်ဘီ-၃ မျိုးများနှင့် အထွက်ယှဉ်ပြိုင်ခြင်း စမ်းသပ်ခြင်းများ အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ တစ်ဧက ပျမ်းမျှအထွက်နှုန်း (၁၂၂.၇ တင်း) ထွက်ရှိပြီး စံထားမျိုး-၁ ထက် (၁၄.၄)% နှင့် စံထားမျိုး -၂ ထက် (၂၅.၉) % သာလွန်ခဲ့သည်။YKQR-01(ဝိုင်ကေကြူအာ-၀၁) စပါးမျိုး၏ ထူးခြားကောင်းမွန်သောလက္ခဏာများမှာ ဆန်ရည်ဆန်သား ကြည်လင်၍ ဆန်လုံး ရှည်သွယ်ပြီး စားသုံးမှု နူးညံ့ပျော့ပျောင်းသည်။ သက်တမ်း (၁၃၀)ရက်ရှိပြီး အပင်မြင့် ( ၁၀၅ စင်တီမီတာ)၊ အနှံအရှည် (၂၂ စင်တီမီတာ)၊ အနှံပါပင်ပွား (၁၄)၊ တစ်နှံပါသီးလုံး (၁၃၀)၊ အောင်စေ့ ရာခိုင်နှုန်း (၈၅.၆)၊ အစေ့ ၁၀၀၀ အလေးချိန် (၂၉.၂ ဂရမ်) ရှိပြီး အထွက်နှုန်းမှာ တစ်ဧက ပျမ်းမျှတင်း (၁၁၀)မှ (၁၂၀)အထိ ထွက်ရှိနိုင်၍ ဆန်ထွက်ရာခိုင်နှုန်း (၆၀.၅၅)% သည်။ အမိုင်းလို့စ် ရာခိုင်နှုန်း(၁၉.၆၇ %)၊ ကော်ဓါတ်ပါဝင်မှု (၂၈.၆ မီလီမီတာ)နှင့် ကျိုချက်မှု အသင့်အတင့်ခံနိုင်ပြီး ဆန်ရှည်ထွက်မှုအချိုး ၁.၇၉ ရှိသော ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ် ၍ ဆန်စေ့အလျား ၆.၈ မီလီမီတာ၊ ဆန်စေ့အနံ ၂.၁ မီလီမီတာနှင့် အလျားအနံအချိုး ၃.၂ မီလီမီ တာ ခန့်ရှိကြောင်း သုတေသနပညာရှင်များထံမှ သိရှိရသည်။
Registration is free and easy!