စပါးအပါအဝင် ဟင်းသီးဟင်းရွက် သစ်သီးဝလံ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရာတွင် ခေတ်မီ Bio Technology နည်းပညာအသုံးပြု ဆောင်ရွက်သွားမည်

စပါးအပါအဝင် ဟင်းသီးဟင်းရွက် သစ်သီးဝလံ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရာတွင် ခေတ်မီ Bio Technology နည်းပညာအသုံးပြု ဆောင်ရွက်သွားမည်

နိုင်ငံတော်က ချမှတ်ထားသည့်ညွှန်ကြားချက်များနှင့်အညီ မိုးစပါး တစ်ဧက တင်း(၁၀၀) အထက် ထွက်ရှိရေး၊ နွေစပါးတစ်ဧက တင်း(၁၂၀)အထက် ထွက်ရှိရေး အတွက် စိုက်ပျိုးရေး ဦးစီးဌာနက စံပြကွက်များ ဆောင်ရွက်ပြသပေးလျက် ရှိကြောင်း၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေ ဖူလုံရေး၊ လယ်ယာသုံး စက်ကိရိယာ အချိန်မီ သုံးစွဲရေး၊ သဘာဝမြေဩဇာ နှင့် ဓါတ်မြေဩဇာ ပေါင်းစပ်သုံးစွဲရေး၊ ပိုးမွှားရောဂါများကို စနစ်တကျ ကာကွယ်နှိမ်နင်းရေး၊ ရိတ်သိမ်းချိန် မှန်ကန်ရေး နှင့် ရိတ်သိမ်း ချိန်လွန် အလေ အလွင့်များ လျှော့ကျစေရေး စသည့် လုပ်ငန်းများကို လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရန် တောင်သူအစုအဖွဲ့အလိုက် နည်းပညာများ ဖြန့်ဝေပေးခြင်း၊ လိုအပ်သည့် အကူအညီ ထောက်ပံ့ မှုများ ပံ့ပိုးပေးခြင်းတို့ကို မိမိတို့ဌာန တာဝန်ရှိသူများအနေဖြင့် အလေးထား ဆောင်ရွက် ကြစေ လိုကြောင်း နိုဝင်ဘာလ (၂၀)ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မိုးစပါး တစ်ဧက တင်း(၁၀၀) အထက် ထွက်ရှိရေး စံပြစိုက်ကွင်းများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးစဉ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးချုပ် ဒေါက်တာရဲတင့်ထွန်း က တာဝန်ရှိသူများ အား ဆွေးနွေးပြောကြားသည်။



ရှေးဦးစွာ ညွှန်ကြားရေးချုပ် နှင့်အဖွဲ့သည် မှော်ဘီမြို့နယ် မြန်မာ့ဆန်စပါး သုတေသန ဌာန လုပ်ငန်းဆိုင်ရာများအား ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးခဲ့သည်။



ထိုမှတဆင့် မှော်ဘီမြို့နယ်  မြောင်းတကာကျေးရွာအုပ်စု ရိုးဝကျေးရွာ တောင်သူ ဦးမြင့်ဦး ၏ ကွင်းအမှတ် ၆၆၀ ဦးပိုင်အမှတ် ၃/၂ တွင် သိပ္ပံနည်းကျ စိုက်ပျိုးထားရှိသော ရက်(၉၀)စပါး (၁၀)ဧက တွင် စံကွက်ရိတ်သိမ်းနေမှုကို  ကြည့်ရှုအားပေးပြီး တောင်သူများ၏ လယ်ယာ လုပ်ငန်းခွင်ဆိုင်ရာ လိုအပ်ချက်များ နှင့် ခေတ်မီနည်းပညာများ လိုက်နာ ဆောင်ရွက် ရန် လိုအပ်ချက်များ ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စံကွက် ရိတ်သိမ်းရာ၌ (၁)ဧက တွင် စပါးအစိုတင်း(၁၀၀) နှင့် အခြောက် (၉၁.၅) တင်း ထွက်ရှိကြောင်း သိရှိရသည်။

အလားတူ တိုက်ကြီးမြို့နယ် ပုတ္တကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာ တောင်သူ ဒေါ်နော်အဲမရီး၏ ကွင်းအမှတ် ၇၀၄-က ၊ ဦးပိုင်အမှတ် ၁၅-င တွင် စိုက်ပျိုးထားရှိသော မိုးစပါး မျိုးသန့် မျိုးစေ့ထုတ် ဆင်းသုခမျိုး(၄.၁၄)ဧက၏ စံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှု အားပေးပြီး  တောင်သူများ နှင့် ဒေသနေပြည်သူများအတွက် နေ့စဉ်ဝင်ငွေရရှိစေသည့် မိသားစု တစ်ပိုင် တစ်နိုင် ဟင်းသီးဟင်းရွက်များ သီးနှံများ စိုက်ပျိုးရေး နှင့် လိုအပ်ချက်များကို စိုက်ပျိုးရေး ဦးစီးဌာန က ကူညီပံ့ပိုးပေးနေမှုများကို ရှင်းလင်းပြောကြားသည်။ အဆိုပါ ဆင်းသုခ မျိုးစေ့ထုတ် စံကွက် ရိတ်သိမ်းရာတွင် (၁)ဧက စပါးအစို (၈၅)တင်း နှင့် အခြောက် (၈၂.၅) တင်း ထွက်ရှိသည်။

နေ့လည်ပိုင်းတွင် ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန နှင့် အပင်ဇီဝနည်းပညာဗဟိုဌာနများသို့ ရောက်ရှိပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ သုတေသန ပညာရှင်များ အား တွေ့ဆုံ၍ စပါးအပါအဝင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ တိုးတက် ထုတ်လုပ်နိုင်ရေး အတွက် အဓိက လိုအပ်ချက် တစ်ခုဖြစ်သော မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရာတွင် ခေတ်မီ Bio Technology နည်းပညာအသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ဟင်းသီးဟင်းရွက်သစ်သီးဝလံ သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန ၊ မြန်မာ့ဆန်စပါးသုတေသနဌာန နှင့် အပင်ဇီဝနည်းပညာ ဗဟိုဌာန တို့ အချင်းချင်း အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊

ခရမ်း ၊ ငရုတ် စသည့် ဒေသ သီးနှံမျိုးများ ကို ပြန်လည် ဖော်ထုတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်မည့် ပုဂ္ဂလိကများ တောင်သူများနှင့် ပူးပေါင်း၍ မျိုးကောင်းမျိုးသန့်များ ပွားများရေးကို ကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ၊ White revolution အဖြစ် plastic house များ တည်​ဆောက်အသုံးပြု၍ တောင်သူ အစုအဖွဲ့ များကခရမ်းချဥ် အပါအဝင် ဟင်းသီးဟင်းရွက်များ ​စိုက်ပျိုးကာ ရန်ကုန်​​စျေးကွက်သို့ တင်ပို့​ရောင်းချ​နိုင်​ရန် နည်ပညာ အရင်းအနှီးများ ပံပိုးကူညီ​ရေး၊ ရန်ကုန်ဧရိယာ အတွက် လိုအပ် နေသည့် ဟင်းသီးဟင်းရွက်များကို ဒေသခံတောင်သူများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်သည့် အကူအညီများပေးနိုင်ရေး စီမံဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ ပုံမှန် စိုက်ပျိုးရာသီကုန်ချိန်တွင် ဈေးကွက်အတွင်း လိုအပ်နေသော ခရမ်းချဉ်သီးများ စိုက်ပျိုးထုတ်လုပ်နိုင်မည့် မျိုး နှင့် နည်းပညာများ ဖော်ထုတ်ပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။