စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း ပြည်သူများယုံကြည်မှုကို တည်ဆောက်နိုင်မည့် သမဝါယမအသင်းအဖွဲ့ပုံစံ ထူထောင်ကြရေး ဆွေးနွေးမှာကြား

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း ပြည်သူများယုံကြည်မှုကို တည်ဆောက်နိုင်မည့် သမဝါယမအသင်းအဖွဲ့ပုံစံ ထူထောင်ကြရေး ဆွေးနွေးမှာကြား

နေပြည်တော်၊စက်တင်ဘာလ(၁၃)

     စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က ဝက်လက်မြို့နယ် တောင်သူ ဦးဝင်းနိုင် စိုက်ပျိုးထားသည့် ရွှေဘိုပေါ်ဆန်း မိုးစပါး စိုက်နည်း စနစ်(၄)မျိုးစမ်းသပ်ကွက်၊ ပျိုးသက်နု ကောက်ကွက်ကြဲနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) စမ်းသပ်ကွက် ဧက(၂၀)စိုက်ကွင်းအား ကြည့်ရှု့အားပေးပါသည်။

   ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နံနက်(၁၀)နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ချီပါရွာတွင် ပြုလုပ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်‌ရေး ညှိနှိုင်းအစည်းအဝေးသို့ပါဝင်တက်ရောက်ကြပြီး အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း က အမှာစကားပြောကြားရာတွင် -

        သီးနှံများစိုက်ပျိုးထုတ်လုပ်ရာ၌ တောင်သူများအကျိုးအမြတ်ရှိမည့် သီးနှံကို တောင်သူ့ စိတ်ကြိုက် ရွေးချယ်စိုက်ပျိုးနိုင်သော်လည်း၊ ရေမြေ ရာသီဥတုနှင့် ကိုက်ညီပြီး စျေးကွက် အလား အလာရှိသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်‌ရေး၊ နိုင်ငံတကာ စံချိန် စံညွှန်းမီ အရည်အသွေးကောင်း သီးနှံများစိုက်ပျိုးထုတ်လုပ်ပြီး ခိုင်မာသော စျေးကွက် ရရှိရေးကို ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊

        စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဖြင့် ပင်ပင်ပန်းပန်း အသက်မွေးဝမ်းကျောင်းပြုနေ ကြရသည့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေပိုမိုရရှိရေးအတွက် မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ဘက်စုံထောင့်စုံမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် လုပ်ငန်းဆိုင်ရာ အကူအညီများသာမက၊ ထွက်ရှိလာည့် ကုန်ပစ္စည်းများအပေါ် စျေးကစားနေမှုများကို ကျော်လွှား နိုင်ရေး၊ လက်ကားစျေးကွက်သို့ တိုက်ရိုက်ချိတ်ဆက်ရောင်းချနိုင်ရေး စသည့် ကုန်စည်စီးဆင်းမှု အဆင့်ဆင့်ကိုပါ ထည့်သွင်းစီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

        ထိုသို့ဆောင်ရွက်ရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်၍မဖြစ်နိုင်သည့် အရင်းအနှီး၊ နည်းပညာ၊ ကုန်ထုတ်လုပ်မှု နှင့် စျေးကွက်ဖော်ဆောင်မှုများကို သမဝါယမ စနစ်ဖြင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ရာ ပြည်သူများယုံကြည်မှုကို တည်ဆောက် နိုင်မည့် သမဝါယမအသင်းအဖွဲ့ပုံစံကို ထူထောင်ကြရမည် ဖြစ်ပါကြောင်း၊ ထို့သို့ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူ အသီးသီးတို့က နည်းပညာအပါအဝင် လိုအပ်ချက်များကို ဥပဒေများနှင့်အညီ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသနေ ရပ်မိရပ်ဖများ စိတ်တူကိုယ်တူရှိကြသည့် အသင်းသူ အသင်းသားများက စိုက်ပျိုးရေး၊မွေးမြူရေးကိုအခြေခံသော လွတ်လပ်သည့်ဒေသန္တရ သမဝါယမ အသင်းကြီးအဖြစ် ပေါ်ထွန်းလာရေးကို ဝိုင်းဝန်းလက်တွဲ အကောင်အထည် ဖော်ပေးကြပါရန် ဆွေးနွေးပြောကြားသည်။

        ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမိုးကျော်သူ၊ ဦးစီးဌာနများမှ ညွှန်ကြာရေးမှူးချူပ်များ၊ တိုင်း/ခရိုင်အဆင့် တာဝန်ရှိသူများ၊ ကျေးရွာလုပ်မိရပ်ဖများ စုပေါင်း စိုက်ပျိုး၊ မွေးမြူရေး သမဝါယမ အသင်းသား/ အသင်းသူများ တက်ရောက်ကြပါသည်။

        အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှင့် ညွှန်ကြားရေးမှူးချုပ်များက ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီမံများကို ဆွေးနွေးတင်ပြပါသည်။

        ဒုတိယဝန်ကြီးမှ နိဂုံးချုပ်ပြောကြားရာတွင် အဆင့်မြင့်လယ်ယာများ ဖော်ထုတ် အသုံးပြုခြင်းဖြင့်  စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှုကို စနစ်တကျစီမံဆောင်ရွက်နိုင်ပြီး အသွင်သစ် အမြင်သစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုအကောင်းဆုံး ကုန်ထုတ်လုပ်မှုလုပ်ငန်းကြီးအဖြစ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို တွဲဘက်လုပ်ကိုင်သည့် ပေါင်းစည်းလယ်ယာ ကုန်ထုတ်လုပ်ငန်းသည် ကျေးရွာတစ်ရွာလုံးကို တိုးတတ်စေမည့် ကုန်ထုတ်လုပ်ငန်းကြီး ဖြစ်ရာ အသင်းသူ/အသင်းသား အားလုံးတို့က ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။