တနင်္သာရီတိုင်းဒေသကြီး ၏ ဆီအုန်းစိုက် ဧက(၄)သိန်း ကို အပြည့်အဝ ဆီသီးခိုင်ထွက်ရှိရေး ဆောင်ရွက်သွားမည်

တနင်္သာရီတိုင်းဒေသကြီး ၏ ဆီအုန်းစိုက် ဧက(၄)သိန်း ကို အပြည့်အဝ ဆီသီးခိုင်ထွက်ရှိရေး ဆောင်ရွက်သွားမည်

ဆီအုန်းကို စားသုံးဆီအဖြစ်သာမက စက်မှုလုပ်ငန်း၌လည်း တွင်ကျယ်စွာ အသုံးပြု နေမှုကြောင့် ပြည်တွင်းလိုအပ်ချက် မြင့်မားနေလျက်ရှိနေသဖြင့် ရင်းနှီးမြုပ်နှံသင့်သော လုပ်ငန်း တစ်ခုဖြစ်ကြောင်း ၊ သွင်းကုန်အစားထိုးနိုင်ရန် နှင့် ပြည်တွင်းစားအုန်းဆီ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်အပြင် ဒေသလျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုကိုပါ ဖြည့်ဆည်းပေးနိုင်ရန် အတွက် တနင်္သာရီတိုင်းဒေသကြီး ၏ ဆီအုန်းစိုက် ဧက(၄)သိန်း အပြည့်အဝ ဆီသီးခိုင် ထွက်ရှိ ရန် အပင်အိုများနေရာတွင် အထွက်နှုန်းမြင့်မားသော မျိုးကောင်းမျိုးသန့်များ ပြန်လည် အစားထိုး စိုက်ပျိုးရေးနှင့် အခြေအနေပေးသည့် နေရာဒေသများတွင် တိုးချဲ့ စိုက်ပျိုးရေး လုပ်ငန်း များကို စီမံဆောင်ရွက်သွားမည် ဖြစ် ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့က တနင်္သာရီ တိုင်းဒေသကြီးရှိ ဆီအုန်း လုပ်ငန်းရှင်များ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

 တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းစိုက်ဧက (၄)သိန်းကျော် ရှိပြီး သက်တမ်း ကျော်လွန် သော ဆီအုန်းစိုက်ဧရိယာများတိုးပွားလာလျက်ရှိရာ လက်ရှိတွင် ဧက (၁၅၀၀၀၀)ကျော် သာ ဆီသီးခိုင်ထွက်ရှိနေမှုကြောင့် ဆီထွက်နှုန်းမြင့်မားသည့် ပျိုးပင်များ နှင့် လဲလှယ် စိုက်ပျိုး နိုင်ရေး အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က အားပေးလျက်ရှိကြောင်း၊ အရွယ်ရောက်ပြီး ဆီအုန်းစိုက်ခင်း တစ်ဧကလျင် ပျမ်းမျှ ဆီသီး ခိုင် (၄)တန်ခန့် ရရှိကြောင်း၊ ဆီသီးခိုင် တစ်တန်မှ ဆီကြမ်း(၀.၂၂)တန်ထွက်ရှိသဖြင့် စိုက်ဧက(၄)သိန်း အပြည့် ဆီသီးခိုင် ထုတ်ယူနိုင်ပါက ဆီကြမ်းတန်ချိန်(၃၅၀၀၀၀)ကျော် ထုတ်လုပ်နိုင် မည်ဖြစ်၍ ပြည်တွင်း စားအုန်းဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။


ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးကြီးသိန်းလင်း ၊ ဦးမောင်ကြီး တို့နှင့်အတူ ဘုတ်ပြင်း မြို့နယ် တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းနှင့် ဆီကြမ်းစက်ရုံကို လည်းကောင်း၊ ကော့သောင်းခရိုင် ကရသူရိမြို့ရှိ ပိုကောင်း ကုမ္ပဏီ ၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း ကိုလည်းကောင်း၊ ယုဇန ကုမ္ပဏီ ၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း နှင့် ဆီကြမ်း စက်ရုံကိုလည်းကောင်း ကြည့်ရှု အားပေး ကြပြီး ယုဇန ကုမ္ပဏီ ၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း ရှင်းလင်းဆောင်တွင် တနင်္သာရီတိုင်း ဒေသကြီးရှိ ဆီအုန်း လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ၍ ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေး ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ ဆီအုန်း လုပ်ငန်းရှင်များ က ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းများ နှင့် လိုအပ်ချက်များကို တင်ပြကြ သည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေး ပြောကြား ရာတွင် ဆီအုန်းလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှု နည်းပညာ နှင့် ရင်းနှီးမြုပ်နှံမှု ကြီးမား လာစေရန် လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေမှုများ ကို ခေတ်စနစ်နှင့် အညီ ပြုပြင် ပြောင်းလဲရန်လိုကြောင်း၊ လုပ်ကွက်ငယ်တောင်သူများကို အားပေး ပူးပေါင်း ဆောင်ရွက် ခြင်းဖြင့် တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေပဲ အားလုံးပါဝင်ပြီး ရေရှည် တည်တံ့သော လုပ်ငန်းများဖြစ်စေရန် လုပ်ငန်းရှင်ကြီး များ အနေဖြင့် ကြိုးပမ်းဆောင်ရွက် ကြစေလို ကြောင်း၊ ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှု တစ်စု တစ်စည်းတည်းရှိနေသည့် တနင်္သာရီ တိုင်း ဒေသကြီးတွင် ဆီအုန်းနှင့်သက်ဆိုင်သည့် အသင်း အဖွဲ့အဖြစ် တည်ထောင်သွားရန်နှင့် ဆီအုန်းစိုက်ပျိုးရေးသာမက ဆီကြမ်းနှင့် ဆီချောစက်ရုံများ တည်ထောင်ခြင်း လုပ်ငန်းများ တွင် ပူးပေါင်းအကောင်အထည် ဖော် နိုင်ရေး ကြိုးပမ်း သင့်ပါ ကြောင်း၊ ထွက်ကုန်များ ဈေးကွက်ဝင်ဆံ့နိုင်မှု သည် ထုပ်လုပ်မှု အရည်အသွေး နှင့် အစားအစာ ဘေးကင်းလုံခြုံမှု အပေါ်တွင်သာမက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်မှုများ အပေါ် တွင်ပါ တည်မီနေသည်ကို ဂရုပြုကြစေလိုကြောင်း ဖြင့်ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဗိုလ်မှူးကြီးသိန်းလင်း ၊ ဦးမောင်ကြီး တို့က စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဆောင်ရွက် ပေးနေမှုများ နှင့် ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ချက်များ ကို ရှင်းလင်း ပြောကြားကြ သည်။


ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က မြေယာအသုံးပြုမှုတွင် အမှန်တကယ် အသုံးချမှုမရှိပဲ မြေကို လက်ဦးရယူ ခြင်းများ ကင်းရှင်း ရေး ဆောင်ရွက်နေမှု၊ မှန်တကယ် စိုက်ပျိုး လုပ်ကိုင်ရန်လိုအပ်ပါက မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ ဥပဒေနှင့် အညီ မြေယာ အသုံး ပြုခွင့်များ ဆောင်ရွက် ပေးနေမှု ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများတွင် သတ်မှတ်ခွင့်ပြုချက်များနှင့်အညီ အတည်တကျ သီးနှံများ စိုက်ပျိုးပြီးစီးသည့် အချိန်တွင် လယ်ယာမြေများအဖြစ် ပြောင်းလဲရေး စသည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ အသုံးပြုခွင့်ဆိုင်ရာ စည်းကမ်း ဥပဒေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။