လာမည့် ကြံကြိတ်ဝါးရာသီတွင် သကြားစက်လုပ်ငန်း ၏ ငွေကြေးလည်ပတ်မှု အဆင်ပြေ ချောမွေ့ စေရေးအတွက် ညှိနှိုင်း ဆောင်ရွက်ပေး သွားမည်

လာမည့် ကြံကြိတ်ဝါးရာသီတွင် သကြားစက်လုပ်ငန်း ၏ ငွေကြေးလည်ပတ်မှု အဆင်ပြေ ချောမွေ့ စေရေးအတွက် ညှိနှိုင်း ဆောင်ရွက်ပေး သွားမည်


မြန်မာနိုင်ငံ၏ သကြားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြံစိုက်တောင်သူနှင့် သကြားစက်လုပ်ငန်းရှင်များအကြား အပြန်အလှန် နားလည်ယုံကြည်မှုဖြင့် မျှတသော အကျိုးအမြတ် ခွဲဝေခံစားနိုင်ရေးအတွက် ခိုင်မာသော ချိတ်ဆက် ဆောင်ရွက်မှု ထားရှိကြရန် လိုအပ်ကြောင်း ၊ သုတေသနလုပ်ငန်းများ နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ၊ ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ခြင်းလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအားထုတ်ပေးသွား မည်ဖြစ်သကဲ့သို့ လာမည့် ကြံကြိတ်ဝါးရာသီတွင် သကြားစက်လုပ်ငန်း ၏ ငွေကြေးလည်ပတ်မှု အဆင်ပြေ ချောမွေ့ စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ နိုဝင်ဘာလ(၁)ရက် နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှသကြား စက်ရုံ ၌ သကြားစက်လုပ်ငန်းရှင်များ ကြံစိုက်တောင်သူများ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ကြံလုပ်ငန်းဖွံ့ဖြိုးရေးအတွက် နှစ်တို နှစ်လတ် နှစ်ရှည် ဆောင်ရွက်ရန်လိုအပ်ချက်များ ဖော်ထုတ် ဆွေးနွေးရန် နှင့် ကြံစိုက်ပျိုးမှုမှ သကြား ရောင်းဝယ် တင်ပို့မှု ကွင်းဆက် တစ်လျှောက် ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှသကြားစက်၌ ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန တာဝန်ရှိသူများ ၊ သကြားစက်လုပ်ငန်းရှင်များ နှင့် ကြံစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် က မြန်မာနိုင်ငံ၏ လက်ရှိ ကြံစိုက်ပျိုးမှု နှင့် စက်ရုံများ၏ သကြားထုတ်လုပ်မှု အခြေအနေများကိုလည်းကောင်း၊ သကြားစက်လုပ်ငန်းရှင်များ နှင့် ကြံစိုက်တောင်သူများ က လက်ရှိကြုံတွေ့နေကြရသော အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ကဏ္ဍအလိုက်ဖြေရှင်း ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ ကြံလုပ်ငန်းသည် မြန်မာနိုင်ငံ ရှိ ကွဲပြားခြားနားသော ဒေသ ရေ မြေ ရာသီဥတုအမျိုးမျိုးတွင် အောင်မြင် ဖြစ်ထွန်းသော လုပ်ငန်းဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနကလည်း ဒေသအလိုက်သင့်လျော် သော ကြံမျိုးများနှင့် စိုက်နည်းစနစ်များကို သုတေသနပြု ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊  လက်ရှိ စက်ရုံများ၏ သကြားထုတ်လုပ်မှု ၊ ပြည်တွင်းစားသုံးမှု နှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှုများ အရ တိုးတက်ထုတ်လုပ်နိုင်သည့် အလားအလာကောင်းများစွာ ကျန်ရှိနေပါကြောင်း၊ ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါဖြတ်ကျော်နေသည့် ကာလအတွင်း အခက်အခဲမျိုးစုံကို အံတု၍ စားနပ်ရိက္ခာ ဖူလုံရေးအတွက် ကြိုးပမ်းအားထုတ်နေကြသည့် တောင်သူ လယ်သမားများ အား ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း၊ ဈေးနှုန်းမြင့်တက်လာသော စိုက်ပျိုးရေးသွင်းအားစု အရင်းအနှီးစရိတ်များ သက်သာစေရေးအတွက် ဓါတ်မြေဩဇာ သုံးစွဲမှု လျှော့ချနိုင်ရန် မြေပြင်ထွန်ယက် စိုက်ပျိုးမှုကို စက်မှုလယ်ယာစနစ်ဖြင့်ထိရောက်စွာ ပြောင်းလဲ အသုံးပြုနိုင်ရေး၊ စက်ရုံဧရိယာတိုင်းတွင် စက်မှုလယ်ယာသရုပ်ပြလုပ်ငန်းများနှင့်အတူ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ နှင့် ချိတ်ဆက် ပေးခြင်း၊ ဓါတ်မြေဩဇာ နှင့် သဘာဝမြေဩဇာများအား ထိရောက်စွာ အသုံးပြု နိုင်ရေး အတွက် စိုက်ပျိုးမြေများ၏ မြေဆီလိုအပ်ချက်ကို စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေး ဌာနခွဲ ပညာရှင်များ က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန က တောင်သူများထံသို့ ဖြန့်ဖြူးပေးသွားမည့် အထွက်နှုန်းကောင်း ကြံမျိုးသစ်များကိုလည်းကောင်း၊ မြို့လှသကြား စက်ရုံ နှင့် မျိုးအတွက် စိုက်ပျိုးထားသော ကြံစိုက်ကွင်းများကို လှည့်လည် ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သတင်းရရှိသည်။