စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် ပြည်သူများ၏ စားဝတ်နေရေး တိုးတက်မြင့်မားရေး ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် ဒုတိယဦးစားပေးဖြစ်သည့် ဝတ်ရေး အတွက် ပြည်တွင်းဖြစ် ချည်ထည် ထုတ်ကုန်များကို ကျန်းမာရေးနှင့်ညီညွတ်စွာ ဝတ်ဆင်နိုင်ရေး၊ ပြည်တွင်း အထည်အလိပ် လိုအပ်ချက် အတွက် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရန် ချည်မျှင်ရှည်ဝါ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း ဝါသီးနှံ နှင့် ကော်ဖီသီးနှံများ လျာထား ဧက အပြည့်အဝ စိုက်ပျိုးနိုင်ရေး အတွက် လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့ က မန္တလေးတိုင်းဒေသကြီး အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်စဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောသည်။
နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံ၍ မန္တလေးတိုင်း ဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ နှင့် ကာလတို ကာလရှည် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများ၊ တောင်သူများ ၏ လိုအပ်ချက်များ ဖြည့်ဆည်း ကူညီပေးနိုင်ရေး နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာန အပိုင်း နှင့် တိုင်းဒေသကြီး အစိုးရ အပိုင်းတို့မှ ကူညီပံ့ပိုး ပေးနိုင်မှု အခြေအနေများ ကို ဆွေးနွေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကုလားမကြီးကျေးရွာရှိ ပုဂ္ဂလိကနို့စားနွားမွေးမြူရေးခြံ ၏ ဖရီရှန် နွားမျိုးများ မွေးမြူထားရှိမှု နှင့် ကျွဲ၊ နွားကူးစက်ရောဂါ ကာကွယ်ရေး ဆောင်ရွက် ထားရှိမှုများ၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန နှင့် ပူးပေါင်း၍ မေထုံမဲ့ သားစပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် စံချိန်စံညွှန်းမီ နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။
ထိုမှတဆင့် ကျောက်တံခါး၊ တောင်ရေ၊ ကြက်မောက်တောင် ရေလှောင်တမံများ ၏ ဆက်သွယ် မြောင်းဥမင် ကိုလည်းကောင်း၊ ကြက်မောက်တောင်ရေလှောင်တမံ ရေဝင်ရောက်မှု အခြေအနေ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ပျိုးရေး နှင့် အခြားလျာထားသီးနှံများ စိုက်ပျိုးရေ ဖူလုံစွာ ပေးဝေရေး၊ နိုင်ငံတဝန်းရှိ ရေလှောင်တမံ အများစု ၏ ယခုနှစ်ဝင်ရေ စုဆောင်းရရှိမှုမှာ ယမန်နှစ်များကထက် ပိုမိုတိုးတက် စုဆောင်း ထားနိုင်လျက်ရှိမှုအပေါ် အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင် ရေး အတွက် ရေစီမံခန့်ခွဲမှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိ သူများ အား ဆွေးနွေးမှာကြားသည်။
ကြက်မောက်တောင်ရေလှောင်တမံသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်း မြို့နယ် မန်ကျည်းတိုင်းကျေးရွာအနီး တောင်ဆင်းချောင်းနှင့် ကျောက်ပုံချောင်း ပေါ်တွင် တမံအလျား(၈၅၀၀)ပေ၊ တမံအမြင့် (၁၁၂.၅)ပေရှိ မြေသား တမံအမျိုးအစားဖြစ်ပြီး ကန်ရေပြည့်ရေလှောင်ပမာဏ(၇၃၁၀၀)ဧကပေ ရေလှောင် နိုင်ပြီး ဆည်ရေပေးနိုင်သည့် ဧရိယာမှာ (၂၂၇၆၅)ဧကဖြစ်ကြောင်း၊ လက်ရှိတွင် ကန်ရေ သိုလှောင်နိုင်မှု ၏ ၆၆% ကျော် ဝင်ရေစုဆောင်းထားရှိနိုင်သဖြင့် ယခင်နှစ်များ ထက် ဝင်ရေ ပိုမိုစုဆောင်း နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
Registration is free and easy!