လယ်ယာစီးပွား လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန် ကောင်းမွန်လာစေရန် ရည်ရွယ် ဆောင်ရွက်

လယ်ယာစီးပွား လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန် ကောင်းမွန်လာစေရန် ရည်ရွယ် ဆောင်ရွက်

    လယ်ယာကဏ္ဍတွင် လိုအပ်လျက်ရှိနေသည့် စိုက်ပျိုးရေး နှင့်  မွေးမြူရေး အသက်မွေး ဝမ်းကျောင်းလုပ်ငန်း ကျွမ်းကျင်သူများ အဖြစ် သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရေး အတွက်  စိုက်ပျိုးရေး သိပ္ပံကျောင်းများ ၏ သင်ကြားသင်ယူမှု အဆင့်မြှင့်တင်ရေး နှင့် မွေးမြူရေး ဒီပလိုမာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသ အလိုက် ဖွင့်လှစ်ထားသော စိုက်ပျိုးရေး သိပ္ပံကျောင်းများ ၏ မတူညီသော ရေမြေရာသီဥတု အခြေအနေများကို အခွင့်အရေးကောင်းအဖြစ် အသုံးချ၍ ဘာသာရပ်အလိုက် အထူးပြု ကျွမ်းကျင်မှု အရည်အသွေးများ မြင့်မားရေး ကြိုးပမ်းကြစေ လိုကြောင်း၊  မြန်မာနိုင်ငံတွင် (၁၉၅၄)ခုနှစ်ကစ၍ ပထမဆုံး ဖွင့်လှစ်ခဲ့သော ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်း သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ တည်ရှိသည့် အလျောက် သင်ကြားမှုအပိုင်း၊ သန့်ရှင်း သာယာမှုအပိုင်းများတွင် ဘက်စုံ စံပြကျောင်း အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  နိုဝင်ဘာလ ၇ ရက်နေ့က ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း သို့ ရောက်ရှိ စစ်ဆေးရာ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။


   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သည် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း ရွှေရတု အထိမ်းအမှတ်ခန်းမဆောင်တွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ ၊ ကျောင်းစီမံအုပ်ချုပ်ရေးဝန်ထမ်းများ အားတွေ့ဆုံ အမှာစကား ပြောကြား၍ ဆန် ၊ ဆီ နှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အစောဆုံး(၁၉၂၄)ခုနှစ်က တည်ဆောက်ခဲ့သည့် နှစ်တစ်ရာနီးပါး သက်တမ်းရှိ ရှေးဟောင်း ကျောင်းအဆောက်အအုံများ ထိန်းသိမ်းရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆိုင်ရာများကိုလည်းကောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်း စာကြည့်တိုက်များ အဆင့်မြှင့်တင် ရေး၊ စိုက်ပျိုးရေးတက္ကသိုလ် ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များရှိ စာကြည့်တိုက် ကွန်ယက်များ နှင့် ချိတ်ဆက်အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ အချင်းချင်း အကြား အသိပညာ နည်းပညာဖလှယ်ရေး အင်တာနက်ကွန်ယက် ချိတ်ဆက်ရေး ဆိုင်ရာ များကို လည်းကောင်း၊ ဝန်ထမ်း အိမ်ရာများ တွင် အာဟာရပြည့်ဝရေးနှင့် မိသားစုဝင်ငွေ ရရှိရေး အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေး လုပ်ကိုင်နိုင်ရေး အားပေးကူညီ ဆောင်ရွက်ရန် လိုအပ်ချက်များကို လည်းကောင်း ၊ ဆောက်လုပ်ဆဲ ဝန်ထမ်းအိမ်ရာများ သတ်မှတ် စံချိန်စံညွှန်းများ နှင့် အညီ ဆောက်လုပ်ပြီးစီးရေး ဆိုင်ရာများကိုလည်းကောင်း တာဝန်ရှိ သူများ အား ဆွေးနွေး မှာကြားသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် လာမည့် စာသင်နှစ်တွင် စတင် ဖွင့်လှစ်မည့် မွေးမြူရေးဒီပလိုမာ သင်တန်း တိုးချဲ့ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက် လျက် ရှိသော မွေးမြူရေးပညာ စာသင်ဆောင်၊ ဓါတ်ခွဲခန်း၊ လက်တွေ့သင်တန်း အထောက်အကူပြု အဆောက်အအုံများ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိ စစ်ဆေး ကြည့်ရှုကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြသည်။



တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းများ သတ်မှတ် ကာလ အတွင်း အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာ ပြီးစီးရေး၊ ငွေစာရင်း ဆိုင်ရာ စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရေး ၊ ကျောင်းဖွင့်ရာသီ အမီ ဆောင်ရွက်ရမည့် အကြိုလုပ်ငန်းများ စနစ်တကျ ရေးဆွဲချမှတ်ဆောင်ရွက်ရန် လိုအပ် ချက်များကို ဆွေးနွေး မှာကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် စိုက်ပျိုးရေး အလေ့အကျင့် ကောင်း GAP ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း သို့ ရောက်ရှိကြပြီး ဒေသနေပြည်သူများ ပုဂ္ဂလိက များအား နည်းပညာပေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးတက္ကသိုလ် တစ်ခု၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တစ်ခု ရှိပြီး ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း(၁၅)ကျောင်း ကို တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည်။ ယခုအခါ မွေးမြူရေးကဏ္ဍတွင် လိုအပ်လျက် ရှိနေသည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်း ကျွမ်းကျင်သူများ သင်ကြားလေ့ကျင့် မွေးထုတ်  ပေးနိုင်ရေး အတွက်  စိုက်ပျိုးရေး သိပ္ပံကျောင်းများတွင် ယခုနှစ် ကျောင်းဖွင့် ရာသီမှ စတင်၍ မွေးမြူရေးဒီပလိုမာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး ဆောင်ရွက်လျက် ရှိပြီး ၊ စက်မှုလယ်ယာ ဒီပလိုမာ သင်တန်း များ တိုးချဲ့ဖွင့်လှစ်ရေးကိုလည်း  မျှော်မှန်း ဆောင်ရွက် လျက်ရှိနေကြောင်း ၊ လက်တွေ့အသုံးချ ပညာရပ်များကို အသက်မွေး ဝမ်းကျောင်း ပညာရပ်များ အဖြစ်  အသုံးပြုလုပ်ကိုင် နိုင်ကြ ခြင်းဖြင့် လူငယ်များအတွက် အစိုးရဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းများ တွင် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး သာမက စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ တွင် ကိုယ်တိုင် လုပ်ကိုင် ကြမည့် လယ်ယာစီးပွား လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန် ကောင်းမွန်လာစေရန် ရည်ရွယ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။