နေပြည်တော်၊စက်တင်ဘာလ(၁၂)ရက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပခဲ့သည့် (၅)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက် ခဲ့ပါသည်။
(၅)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို စက်တင်ဘာ (၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရည်အသွေးကြီးကြပ်ဆောင်ရွက်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် ပိုးမွှားရောဂါကင်းစင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Zhi Shuping မှ အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့်(၄)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေးဆိုင်ရာ ဝန်ကြီးများ၏ အစည်းအဝေးမှ ရလာဒ်များ၊ (၅)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေးဆိုင်ရာ ဆက်သွယ်ရေး ပုဂ္ဂိုလ်များ၏ အစည်းအဝေးမှ ရလာဒ်များ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် အာဆီယံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား အပင်ပိုးမွှားကင်းစင်ရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နန်နင်းပူးတွဲကြေငြာချက်၊ (၅)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်း အဝေး၏ ပူးတွဲကြေငြာချက်များကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ (၅)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါ ကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာပုဂ္ဂိုလ်များအစည်းအဝေး၏ အစီရင်ခံစာနှင့် ထောက်ခံ အကြံပြုချက်များကို သဘာပတိက ဆွေးနွေးတင်ပြပြီး (၅)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါ ကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၏ Plan of Action (2017-2018) ၊ ယခုအစည်းအဝေး၏ ပူးတွဲကြေငြာချက်များ၊ နန်နင်းပူးတွဲ ကြေငြာ ချက်များအားတင်ပြ၍ အတည်ပြုချက်များ ရယူကြပြီးနောက် နောက်တစ်ကြိမ်ကျင်းပမည့် အစည်းအဝေးနှင့် နေ့ရက်၊ နေရာတို့အား အဆိုပြုတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
Registration is free and easy!