၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Fri, 3 January 2025

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


(မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း)


တင်ပြသူ -  ဒေါ်စန္ဒာဝေ

- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

…………………………………………………………………………….......................................

မင်္ဂလာပါရှင်----------

ယခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်း ချက်များ ဖြစ်ပါတယ်။ 

ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ် နိုင်ပါတယ်။ 

မိုးရွာသွန်းမှုအခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီးမှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ရွာသွန်းမြဲအောက်လျော့ နည်းနိုင် ကာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊  မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ 

မိုးရွာရက်များအနေနဲ့ကလည်း တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ ၄ ရက်မှ ၆ ရက်ခန့်နဲ့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁ ရက်မှ ၃ ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ 

ညအပူချိန်ခန့်မှန်းချက်မှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက် ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း နဲ့ တောင်ပိုင်း)တို့မှာ ဇန်နဝါရီလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီစင်တီဂရိတ်နဲ့ အထက်ပိုနိုင်ပြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့မှာ ဇန်နဝါရီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါတယ်။ 

မြူအခြေအနေခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်း ပြည်နယ်တို့တွင် ၁၈ ရက်မှ ၂၅ ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ၁၀ ရက်မှ ၁၇ ရက်ခန့်နဲ့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ၂ ရက်မှ ၉ ရက်ခန့် နံနက်ပိုင်းမှာ မြူထူများဆိုင်း နိုင်ပါတယ်။ 

မြစ်ရေအခြေအနေခန့်မှန်းချက်မှာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၁ ပေမှ ၃ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၁ ပေမှ ၂ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာ နိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၁ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ပေဝက်ခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၁ ပေမှ ၂ ပေခန့်၊ စစ်တောင်းမြစ်ရေမှာ တောင်ငူမြို့နှင့် မဒေါက်မြို့တို့မှာ ၁ ပေခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၁ ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ပေဝက်မှ ၁ ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၂ ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ပေဝက်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ပေဝက်မှ ၁ ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၁ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၁ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

လာမည့်ဇန်နဝါရီလဟာ အေးပြီးခြောက်သွေ့တဲ့ ရာသီရဲ့ အလယ်ကာလ ဖြစ်ပါတယ်။ လာမည့် ဇန်နဝါရီလအတွင်း မိုးလေဝသဖြစ်စဉ်များ အနေနဲ့ကတော့ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေ လှိုင်းများကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနဲ့ တရုတ်ပြည်မကြီးမှ တိုးဝင်လာတဲ့ လေအေးများ တွေ့ဆုံမှုတို့ကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ခြင်း ရှိလာနိုင်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အထူးဂရု ပြုရန်လိုအပ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ညအပူချိန်များလည်း ကျဆင်း နိုင်တဲ့အတွက် တစ်ခါတစ်ရံ အအေးပိုနိုင်ပါတယ်။ နောက်ဖြစ်စဉ် အနေနဲ့ကတော့ မြူထူကျဆင်းခြင်း ကြောင့် အဝေးမြင်တာ လျော့နည်းလာခြင်းနဲ့ မြစ်ရေများလျော့နည်းလာခြင်း အခြေအနေများကြောင့် ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတို့မှာ အထူးဂရုပြု သွားလာကြရန် လို အပ်ပါတယ်။

ဒီရာသီကာလအတွင်း ပြည်တွင်းလေကြောင်းပျံသန်းရေးမှာ ဂရုပြုရမည့်အချက်တွေကတော့ လေယာဉ်ပျံများအပေါ် ရေခဲခြင်း (Air Craft Icing)နဲ့ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ များမှာ အားကောင်းတဲ့ အထက်၊ အောက်လေစီးကြောင်းများ (Vertical Gales)များ တိုက်ခတ် တတ်ခြင်း၊ အထက်လေထုအတွင်း အားကောင်းတဲ့ အနောက်လေစီးကြောင်း (Westerly Jets) များ တွေ့ကြုံရတတ်ခြင်း၊ အရှေ့လေပြင်းများ တိုက်ခတ်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင်သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezela.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ မိုးလေဝသ နဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ Youtube Channel သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက် ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်း ကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်း ဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။