APTERR အစီအစဉ်လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
  • Wed, 18 December 2024

APTERR အစီအစဉ်လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာအစီအစဉ် Asean Plus Three Emergency Rice Reserve (APTERR) လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့ (Program Management Team -PMT)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့ PMT ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်း က အဖွင့်အမှာစကား ပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် PMT ဒုတိယဥက္ကဋ္ဌ-၂ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က APTERR အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှုကို ဆွေးနွေး ပြောကြားပြီး တာဝန်ရှိသူများ နှင့် အွန်လိုင်းဖြင့်တက်ရောက်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ကိုယ်စားလှယ်များက APTERR အစီအစဉ်-၃ (၂၀၂၃)ဖြင့် ဆန်ရိက္ခာဖြန့်ဖြူး လှူဒါန်းမှု အခြေအနေများ နှင့် APTERR အစီအစဉ်-၃ (၂၀၂၄)ဖြင့် လှူဒါန်းမည့် အခြေအ နေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

APTERR အစီအစဉ်ကို အရေးပေါ် သတ်မှတ်ချက်အဆင့်-၁ (APTERR Tier-1) သတ်မှတ် ဆန်အား စီးပွားရေး နည်းလမ်းဖြင့် ဖြန့်ဝေခြင်း ၊ အရေးပေါ် သတ်မှတ်ချက် အဆင့်-၂ (APTERR Tier-2)သတ်မှတ်ဆန်အား ကာလရှည်ချေးငွေ/ အကူအညီဖြင့် ဖြန့်ဝေခြင်း ၊ အရေးပေါ်သတ်မှတ်ချက်အဆင့်-၃ (APTERR Tier-3) သိုလှောင်ဆန်အား အကူအညီဖြင့် ဖြန့်ဝေခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ တွင် သဘာဝဘေး အန္တရာယ်များ ကျရောက်ပါက အရေးပေါ်ဆန်ရိက္ခာ ထောက်ပံ့ ဖြန့်ဖြူးရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ APTERR ကောင်စီဝင် အဖြစ် တာဝန်ယူ ဆောင်ရွက် လျှက်ရှိပြီး အရေးပေါ် သတ်မှတ်ချက်အဆင့်-၃ (APTERR Tier-3) ဖြင့် အရေးပေါ် ဆန်ရိက္ခာကို အိမ်ရှင်အဖြစ် လက်ခံသိုလှောင်ဖြန့်ဖြူးခြင်း အစီအစဉ်ကို ၂၀၁၇ ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကာ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဆက်စပ် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများပါဝင်သော (APTERR) လုပ်ငန်းစီမံ ခန့်ခွဲရေးအဖွဲ့ (Program Management Team -PMT)ဖြင့် ဆောင်ရွက်လျက်ရှိသည်။ 

၂၀၁၇ ခုနှစ် မှ ၂၀၂၃ ခုနှစ်အတွင်း APTERR အစီအစဉ်ဖြင့် အလှူရှင်နိုင်ငံများ ဖြစ်ကြသော ကိုရီးယားသမ္မတနိုင်ငံ ၊ ဂျပန်နိုင်ငံ နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ လှူဒါန်းမှုဖြင့် အရန်ဆန်ရိက္ခာ (၈,၉၃၈.၈)တန် ကို မြန်မာနိုင်ငံက လက်ခံရရှိခဲ့ပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုဖြင့် သဘာဝဘေးသင့်ပြည်သူများထံ ထိထိ ရောက်ရောက် ဖြန့်ဖြူး လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ APTERR အစီအစဉ်တွင် မတည် ရန်ပုံငွေနှင့် လုပ်ငန်းလည် ပတ်ရန်ပုံငွေ နှစ်စဉ်ကြေးများကို ထည့်ဝင်ရပြီး မြန်မာနိုင်ငံ အတွက် ရသင့်ရထိုက် သည်များရရှိစေရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနက ကြိုးပမ်းလျက်ရှိရာ APTERR Tier-3 အစီအစဉ်-၃ (၂၀၂၄) ဖြင့် ကိုရီးယားသမ္မတ နိုင်ငံမှ ဆန်တန် ချိန်(၃,၀၀၀) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငွေသားထောက်ပံ့မှုဖြင့် ဆန်တန်ချိန် (၅၀၀) တို့အား လက်ခံသို လှောင်ဖြန့်ဖြူးခွင့်ရရှိ မည်ဖြစ်၍ အဆိုပါအရန်ဆန်များကို ၂၀၂၅ ခုနှစ် အတွင်း မြန်မာနိုင်ငံ ၌ သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ရပါက ဘေးသင့်ပြည်သူ များထံ APTERR ၏ အရန်ဆန် ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးလှူဒါန်း သွားနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။