ပဲခူးတိုင်းဒေသကြီး၏ ရော်ဘာ ထုတ်လုပ်မှု မြှင့်တင်နိုင်ရေး အတွက် နည်းပညာပေးဆွေးနွေးပွဲများကျင်းပ
  • Tue, 12 November 2024

ပဲခူးတိုင်းဒေသကြီး၏ ရော်ဘာ ထုတ်လုပ်မှု မြှင့်တင်နိုင်ရေး အတွက် နည်းပညာပေးဆွေးနွေးပွဲများကျင်းပ


ပဲခူးတိုင်းဒေသကြီးအတွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ကွင်းဆင်းနည်းပညာ ပေးဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မိုင်တိုင် (၇၂/၄)ဖာလုံရှိ ပုဂ္ဂလိကရော်ဘာလုပ်ငန်းရှင် ဒေါ်ထက် ထက်ခင်၏ ရော်ဘာခြံအတွင်း၌ ကျင်းပရာ ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဌာန တာဝန်ရှိသူများ နှင့် စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ မှ ရော်ဘာ ပညာရှင်များ ၊ ပဲခူးခရိုင် မြေဆီလွှာ ပညာရှင်များ၊ သီးနှံကာကွယ်ရေးပညာရှင်များ၊ ပဲခူးမြို့ နှင့် ဒိုက်ဦးမြို့တို့မှ ရော်ဘာစိုက်ပျိုးလုပ်ကိုင်သူ တောင်သူ(၃၃)ဦးတို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး က ပုဂ္ဂလိကရော်ဘာ စိုက်ခင်းများ၏ အပင်ဖြစ်ထွန်းမှု နှင့် ကြီးထွားမှုကောင်းမွန်စေရန်အတွက် နည်းပညာ လိုအပ်ချက် များ မျှဝေနိုင်ရန် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း နှင့် တောင်သူများ ဘက်ကလည်း စနစ်တကျလိုက်ပါဆောင်ရွက်ကြရန်လိုအပ်ချက်များကို ရှင်းလင်းပြော ကြားသည်။

ဆွေးနွေးပွဲတွင် ရော်ဘာပင်ပြုစုထိန်းသိမ်းခြင်းနှင့် တစ်ဧကအထွက်နှုန်း တိုးတက် မြင့်မားရေး ဆောင်ရွက်ရမည့်အချက်များကို နှစ်ရှည်သီးနှံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းတင့် ရှင်းလင်းဆွေးနွေးပြီး ၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင် နှင့် ဦးစီးအရာရှိ ဒေါ်ခင်မိုးမိုးဝင်း တို့က ရော်ဘာတွင်ကျရောက်သောရောဂါများ နှင့် ကာကွယ်နှိမ်နှင်းခြင်း၊ ရော်ဘာအစေးခြစ်ခြင်းနှင့် အရည်အသွေးကောင်းရော်ဘာ ထုတ်လုပ်ခြင်း နည်းပညာများကို တင်ပြ ဆွေးနွေးကြသည်။

ပဲခူးတိုင်းဒေသကြီးတွင် စုစုပေါင်း ရော်ဘာ(၁၁၇၁၉၅)ဧက စိုက်ပျိုးထားရှိပြီး အစေးခြစ် ဧရိယာ (၅၈၈၄၈)ဧကရှိကြောင်း၊ တစ်ဧကအထွက်နှုန်း ပေါင်(၇၀၀)နီးပါးခန့်ရှိပြီး ရော်ဘာ တန်(၁၈၀၀၀)ကျော် ထုတ်လုပ်လျက်ရှိရာ တိုင်းဒေသကြီး၏ ရော်ဘာ ထုတ်လုပ်မှု မြှင့်တင် နိုင်ရေး နှင့် တောင်သူ့ဝင်ငွေတိုးတက်ရေး အတွက် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ အသိပညာဖွံ့ဖြိုးရေး နှင့် နည်းပညာပြန့်ပွားရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိ သူများက ဒေသအရောက်ကွင်းဆင်း၍ ဆွေးနွေးပွဲများဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင်လည်း ပုဂ္ဂလိကရော်ဘာ စိုက်တောင်သူများ၏ ရော်ဘာ စိုက်ခင်းများသို့သွားရောက်၍ မြေနမူနာယူခြင်း၊ တောင်သူများ ၏ စိုက်ပျိုးထားရှိသော ရော်ဘာပင်များ၏ အပင်ကြီးထွားဖြစ်ထွန်းမှုအခြေအနေများအား ကွင်းဆင်းမှတ်တမ်း ရယူခြင်းများကို ဆောင်ရွက်၍ စိုက်ပျိုးထုတ်လုပ်သူများ တွေ့ကြုံရလျက်ရှိသည့် အခက် အခဲများ၊ လိုအပ်ချက်များကို ဖြေရှင်းဆွေးနွေး ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။